၁၂. ၄. ၂၀၂၄
Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ အောင်​မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရပ်ကွက်မှာ မိသားစု ၃ ဦးကို သုံးလောင်းပြိုင် လုယက် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က လုံခြုံရေးတာဝန်ရှိသူတွေ နယ်မြေအတွင်းလှည့်ကင်း တာဝန်ဆောင်ထမ်းဆောင်နေချိန် အောင်မြေသာစံမြို့နယ်၊ ၁၀လမ်း၊ ၈၇×၈၈ လမ်းကြား၊ ညောင်ကွဲရပ်ကွက်က ဦးမြင့်စိုးနဲ့ ဇနီး ဒေါ်မြသန်းထိုက်၊ သား ကိုထိုက်ဝေယံစိုးတို့ မိသားစု ၃ ဦးနေထိုင်တဲ့နေအိမ်ဟာ လွန်ခဲ့တဲ့ ၃ ရက်ခန့်ကတည်းက ပိတ်ထားတာကိုတွေ့ရှိရပြီး အပုပ်နံ့ထွက်နေတယ်လို့ ပတ်ဝန်းကျင်ပြည်သူတွေ သတင်းပေး တိုင်တန်းချက်အရ တာဝန်ရှိသူတွေက သက်သေအဖွဲ့နဲ့တကွ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးခဲ့ကြတာပါ။

လုံခြုံရေးတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေ ဦးမြင့်စိုးရဲ့နေအိမ်တံခါးသော့ ရိုက်ဖွင့်ပြီး နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှု့စစ်ဆေးရာမှာ နေအိမ်အရှေ့အိပ်ခန်းအတွင်း သားဖြစ်သူ အသက် ၄၀ ခန့် ကိုထိုက်ဝေယံစိုးဟာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာပါး ပြတ်ရှဒဏ်ရာ၊ လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက် ပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး၊ နေအိမ်အနောက်ဘက်အခန်းမှာ အသက် ၆၇ နှစ်ခန့် ဒေါ်မြသန်းထိုက်ဟာ ဦးခေါင်း ဝဲဘက်နားထင် ဓားရှည် ၁ လက် စိုက်ဝင်ဒဏ်ရာနဲ့ သေဆုံးနေတဲ့အပြင် ရေချိုးခန်းအတွင်းမှာလည်း ခင်ပွန်းဖြစ်သူ အသက် ၇၀ ခန့်အရွယ် ဦးမြင့်စိုးက လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်နဲ့ မှောက်လျှက်သေဆုံးနေတာကို တွေ့ခဲ့တာပါ။

“အေးအေးဆေးဆေးနေတဲ့ ပညာတတ်ဆရာဝန်မိသားစုတွေ။ အိမ်မှာ ဆေးခန်းလည်းဖွင့်ထား၊ ခြံကလည်းကျယ်တော့ လုယက်သတ်ဖြတ်လို့ကောင်းသွားတာ။ သမီးနှစ်ယောက်က ဂျပန်မှာ အိမ်ထောင်ကျပြီး တိုကျိုမှာ နေနေတာ တော်တော်လေးကြာပြီ။ ရွှေတွေဝတ်တာမြင်ကြ၊ ငွေလည်းရှိ၊ ပြေလည်တာသိ၊ လူနည်းတာလည်းသိတော့ လုယက်သတ်ဖြတ်ခံလိုက်ရတာ”လို့ သေဆုံးသူတွေရဲ့အကြောင်းသိရှိတဲ့ ပတ်ဝန်းကျင်နေသူက ပြောပါတယ်။

လက်ရှိမှာတော့ ပြစ်မှုကျုးလွန်သူတွေက လွတ်မြောက်နေဆဲဖြစ်သလို လုယက်သွားတဲ့အတွင်းပစ္စည်းတွေကလည်း တန်ဖိုးစိစစ်တွက်ချက်ဆဲဖြစ်ပြီး ဂျပန်မှာရောက်ရှိနေတဲ့ သမီးတွေနဲ့တာဝန်ရှိသူတွေကချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *