MT News
၁၂. ၄. ၂၀၂၄

၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက် နံနက် ၂ နာရီတွင် KIA/PDF ပူးပေါင်းအဖွဲ့မှ အင်အား ၁၀ ဦး သည် ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသရှိ အထက်ဆိပ်ကျေးရွာသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာနေ ဒေသခံရွာသား ၂ ဦးနှင့် ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသား ၁၆ ဦးကို ၎င်းတို့ နေထိုင်သည့် နေအိမ်နှင့် တဲများအတွင်း လိုက်လံဖမ်းဆီးပြီး မနက် ၄ နာရီတွင် ဖားကန့်မြို့နယ်၊ တာမခံကျေးရွာဘက်ကို ခေါ်ဆောင်သွားကြောင်းသိရှိရသည်။

KIA/PDF တို့ ဖမ်းဆီးခံရသူများမှာ(၁) မောင်အောင်ကျော်သူ၊(၂) မောင်အိုင်ထုတ်၊ (၃) မောင်အနိုင်၊(၄) မောင်သော်သော်၊ (၅) မောင်ရင်၊ ၂၅ နှစ်၊(၆) မောင်ပါကြောင်၊(၇) မောင်မောင်၊ (၈) မောင်ပါခေါင်၊ ၁၈ နှစ်၊(၉) မောင်အောင်ကာဆန်၊(၁၀) မောင်အောင်ကာ၊(၁၁) မောင်ဖန်လိုင်၊(၁၂) မောင်ရန်နိုင်ထွန်း၊(၁၃) မောင်ရဲဝင်း၊(၁၄) မောင်ဂျွန်ဆန်းဒေး၊(၁၅) မောင်ဇာနည်ထက်၊(၁၆) မောင်အောင်မြတ်မင်း၊(၁၇) မောင်လှဆန်း၊(၁၈) မောင်အကောင်းတို့ဖြစ်ပြီး အားလုံးမှာ အသက် ၁၇ နှစ်မှ ၃၅ နှစ်ကြားရှိသော နာဂ/ခရစ်ယာန်များဖြစ်ကာ ရေမဆေးကျောက်ရှာဖွေသူများဖြစ်သည်။

“ဒီကောင်တွေ မနက် ၂ နာရီလောက်မှာ ဆိုင်ကယ်တွေနဲ့ရောက်လာတာ၊ ပြီးတော့ ရွာထဲမှာ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်နှိုးပြီး အတင်းတံခါးဖွင့်၊ ရှိတဲ့သူကို ဆွဲခေါ်တာ၊ ကျွန်တော်လည်း ဘာမှန်းမသိလို့ အိမ်အောက်မှာဆင်းပုန်းနေလို့ လွတ်သွားတာ၊ အမျိုးသမီးတွေတော့ ခေါ်တာမတွေ့ဘူး၊ ဘာလို့လဲလို့မေးတဲ့သူတွေနဲ့ နည်းနည်းကလန်ကဆန် လုပ်တဲ့သူတွေကို ဆဲဆိုပြီး ရိုက်နှက်သေးတာ၊ အရိုက်ခံရတဲ့ထဲက ၃ ယောက်လောက်ကို ဝိုင်းပြီး ဆေးထည့်ပေး လိုက်ရသေးတယ်” ဟု ဒေသခံကျေးရွာသား ဦးစိုးထွန်းက ပြောသည်။

KIA/PDF ပူးပေါင်းအဖွဲ့များအနေဖြင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများရှိ ကျေးရွာများတွင် အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဖမ်းဆီးနှိပ်စက် ခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကို ပြုလုပ်နေခြင်းကြောင့် ဒေသခံလူထုမှာ အကြောက်တရားဖြင့် နေထိုင်နေကြရကြောင်းသိရှိရသည်။

“ကျွန်မအိမ်လည်း အတင်းနှိုးပြီး တံခါးဖွင့်ခိုင်းလို့ အိမ်ကအမျိုးသားက ဖွင့်ပေးလိုက်တာ၊ တစ်ခါတည်း ဖမ်းခေါ်သွားတော့တာပဲ၊ ညဘက်ကြီးဆိုတော့ မဲမှောင်နေပြီး ဘာမှန်းကို မသိလိုက်ပါဘူး၊ တစ်ရွာလုံးလည်း ဆူညံပွက်လောရိုက်သွားတာပဲ။ တချို့က ဘာလုပ်ဖို့လဲလို့မေးလို့ လျှာမရှည်နဲ့၊ စစ်စရာရှိလို့ ပြောတာပါပဲ၊ ရွာအစွန်ဘက်က ပုန်းတဲ့သူတွေတော့ လွတ်သွားတယ်ကြားတယ်၊ သူတို့ကို မနက် ၄ နာရီလောက်ကြတော့ လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတာတွေ့လိုက်ရတယ်။ မနက်ကျမှ အားလုံး ၁၈ ယောက်လောက်ပါသွားတယ်လို့ သိရတယ်” ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *