၁၂. ၄. ၂၀၂၄
Written by TZ

သင်္ကြန်ပိတ်ရက်တွင် နေရပ်ပြန်မည့်သူများအတွက် ကားလက်မှတ်ခများ မြင့်တက်မှု တွေ့ကြုံရသည်ဟု နေပြည်တော်မှ အနယ်နယ်အရပ်ရပ်သို့ ပြန်မည့်ခရီးသည်များထံမှ သိရသည်။

ဧပြီလ ၁၂ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မစျေးကားဂိတ်တွင် အနယ်နယ်အရပ်ရပ်သို့ ပြန်မည့် ခရီးသည်များကို MT News မှ မြေပြင်ကွင်းဆင်း၍ ကားလက်မှတ်ခစျေးနူန်းများအခြေအနေပေါ်မူတည်၍ မေးမြန်းရာ ခရီးသည်တစ်ဿဦးက”မနက်ဆို သင်္ကြန်စပြီလေ။ သင်္ကြန်မတိုင်ခင် ၂ ရက်အလိုက ကားလက်မှတ်ခ ကြိုဝယ်တာ။ တောင်တွင်းကြီးဆို အရင်က ၁၅၀၀၀ ပဲရှိတယ်။ ခု ၂၀၀၀ တက်တယ်။ အခါကြီးရက်ကြီးဆို သိတဲ့အတိုင်းပဲလေ။ ကားခတွေက စျေးတက်တယ်။ ပြန်တဲ့သူတွေလည်း များတယ်။ ကျွန်မက ပေါင်းတည်ကို ပြန်ရမှာ။ အရင်က ကားခက ၂၅၀၀၀ ပဲရှိတယ်။ ခု ၃၀၀၀၀ ရှိတယ်။ ၅၀၀၀ တက်တယ်။ ဒါတောင် ခုံကတစ်ခုံပဲရတာ။ ပြီးတော့ ထောက်ခံစာတွေမလိုတော့ဘူးတဲ့။ မှတ်ပုံတင်ပါရင်ရပြီ ” ဟု ဆိုသည်။

အလားတူ သင်္ကြန်ကာလအတွင်း ရန်ကုန်နှင့်နေပြည်တော်သာ Express ယာဥ်အချို့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်ရှိ မြို့မစျေးကားဂိတ်များထံမှ သိရသည်။ ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ စျေးဆိုင်အချို့မှာလည်း ဧပြီလ ၁၃ ရက်မှ ၁၇ ရက်အထိ စျေးဆိုင်အချို့ပိတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

“တစ်နှစ်မှတစ်ကြိမ် သင်္ကြန်ဖြစ်တာဆိုတော့ ဆိုင်က ကလေးတွေလည်း အိမ်ပြန်မဲ့သူတွေရှိကြတယ်။ သူတို့တွေပိတ်ရက်မှာ ကစားချင်ကြမှာလေ။ အိမ်တွေလည်းပြန်ချင်ကြမှာ။ အဲ့ဒါကြောင့်မို့ ပိတ်ပေးတာ” ဟု စက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *