၁၁. ၄. ၂၀၂၄
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၆၁ ဒသမ ၆၂၁ သန်းသာ ခွင့်ပြုနိုင်ခဲ့သော်လည်း နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၆၀ ခန့်အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့ရာတွင် လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ ဒသမ ၅၂၅ သန်းတန်ဖိုးရှိ လုပ်ငန်း ၃ ခု၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၅၁ ဒသမ ၃၉၃ သန်းတန်ဖိုးရှိ လုပ်ငန်း ၆၀ ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂၃ ဒသမ ၄၆၉ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၇၇ ဒသမ ၈၂၀ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၁၀ ဒသမ ၅၃၃ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ‌ဒေါ်လာ ၂၁ ဒသမ ၁၂၃ သန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၇၅၈ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍ ခုနစ်ခုတွင် အသီးသီးခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် သုံးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၉၄၄ ဘီလျံ (တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလျံနီးပါး) သာ ခွင့်ပြုနိုင်ခဲ့၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးခဲ့သော်လည်း လျှပ်စစ်ကဏ္ဍအတွက် ဒေါ်လာ ၁ ဒသမ ၂၁၅ ဘီလျံ (ရာခိုင်နှုန်း ၄၀ ကျော်) အထိ ခွင့်ပြုပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာနှစ်အလိုက် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သည့်အခြေနေမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဒသမ ၈၈၀ ဘီလျံ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၇၉၁ သန်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၄၂ ဒသမ ၀၈၄ သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆၄၀ ဘီလျံဝင်ရောက်ထားခြင်းဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်အထိ ၃၅ နှစ်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ထားမှုအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၃၇၉ ဘီလျံဝင်ရောက်ထားကြောင်း DICA မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *