၁၁. ၄. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင် ရေတပ်မှ Robinson R22 အမောင်းသင်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးက ကာဗိုက်မြို့ ဈေးအနီးတွင် ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ရာ ရဟတ်ယာဉ်မှူးနှစ်ဦးလုံးသေဆုံးခဲ့ရကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ ရဟတ်ယာဉ်က ကာဗိုက်မြို့ဈေးအနီးတွင် အရေး‌ပေါ်ဆင်းသက်မှုပြုစဉ် ပျက်ကျခဲ့ရခြင်း ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ ရဟတ်ယာဉ်မှူးနှစ်ဦး အား ဆေးရုံသို့ အလျင်အမြန် ပို့ပေးခဲ့သော်လည်း ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြကြောင်း သိရသည်။

သေဆုံးသူများ၏ မိသားစုများထံအဖြစ်အပျက်ကို အကြောင်းကြားခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ရဲတပ်ဖွဲ့ကြေညာချက်၌ ဖြစ်ရပ်ကိုရှင်းလင်းဖော်ပြခဲ့သည့်တိုင် ရဟတ်ယာဉ်မှူးများ၏အမည်များကို ထုတ်ဖော်ပြောကြား ခြင်းမရှိခဲ့ပေ။

ရဟတ်ယာဉ်ပျက်ကျရခြင်း၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။

ရဲတပ်ဖွဲ့ကြေညာချက်တွင် ရဟတ်ယာဉ်မှူးနှစ်ဦးက အသက် ၃၆ နှစ်ရှိ အမျိုးသားရဟတ်ယာဉ်မှူးတစ်ဦးနှင့် အသက် ၂၆ နှစ်ရှိ အမျိုးသမီးရဟတ်ယာဉ်မှူးတစ်ဦးတို့ဖြစ်ကြောင်း၊ နှစ်ဦးစလုံးက ဖိလစ်ပိုင်ရေတပ်၏ ကာဗိုက်မြို့၊ ဆန်လီအငူရှိ လေတပ်အဆွယ်မှဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရဟတ်ယာဉ်က ဧပြီလ ၁၁ ရက်နံနက်ပိုင်းတွင် ဆန်လီလေဆိပ်မှပျံတက်သွားခဲ့ပြီး နံနက် ၆ နာရီခန့်တွင် ပျက်ကျခဲ့ခြင်းလည်းဖြစ်သည်။

ရဟတ်ယာဉ်ပျက်ကျရမှုကို စုံစမ်းစစ်ဆေးနေစဉ် အဆိုပါအမျိုးအစားရဟတ်ယာဉ်အားလုံးကို ပျံသန်း မှု ခေတ္တဆိုင်းငံ့ထားကြောင်း ဖိလစ်ပိုင်ရေတပ်က ကြေညာခဲ့သည်။

Ref–inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *