၁၁. ၄. ၂၀၂၄
Written by Pan Ei

ဗာတီကန်နန်းတော်၊ စိန့်ပီတာရင်ပြင်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ဗဟိုအာရှနိုင်ငံရဲ့ ဒေသအများအပြားကို ထိခိုက်စေခဲ့ပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းစေခဲ့တဲ့ ကာဇက်စတန်က ကြီးမားတဲ့ ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်ခံစားခဲ့ရသူတွေအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မေတ္တာပို့သပေးခဲ့သလို ယူကရိန်းနဲ့ မြန်မာနိုင်ငံတို့က ပဋိပက္ခဒဏ် ခံစားနေရသူတွေအတွက်လည်း ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။

ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက အီတလီဘာသာနဲ့ နှုတ်ခွန်းဆက်စကားဆိုခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေအားလုံးအတွက် ဆုတောင်းပေးချိန် “စစ်ပွဲက နေရာတိုင်းမှာရှိနေတယ်။ မြန်မာနိုင်ငံကိုလည်း မမေ့ပါနဲ့” လို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

အဲ့ဒီနောက် ပုပ်ရဟန်းမင်းကြီးက “ဘုရားသခင်ထံ ငြိမ်းချမ်းရေးအတွက် တောင်းခံကြပြီး ဒီစစ်ပွဲတွေအတွင်း အများကြီး ဒုက္ခရောက်ခဲ့ကြတဲ့ ငါတို့ရဲ့ ညီအစ်ကို မောင်နှမတွေကို မမေ့ကြပါနဲ့” လို့ ဆက်လက်ပြောကြားခဲ့ကာ အတူတကွ ပူးပေါင်းဆုတောင်းပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးက အီစတာတနင်္ဂနွေ အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က ဗာတီကန်နန်းတော်မှာ ပြုလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲမှာလည်း အကြမ်းဖက်မှု အတွေးအခေါ်တိုင်းကို ရှင်းရှင်းလင်းလင်း စွန့်လွှတ်နိုင်ပါစေလို့ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက် မြင့်တက်လာနေပြီး၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါးအထိ ရှိခဲ့တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref; Vatican News

Leave a Reply

Your email address will not be published. Required fields are marked *