၁၁. ၄. ၂၀၂၄
Written by Pan Ei

အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ စစ်ဆင်ရေးတွေအတွင်း မလေးရှား-ထိုင်းနယ်စပ်ကနေ ခိုးဝင်လာတဲ့ အထောက်အထားမဲ့နိုင်ငံခြားသား ၃၇၉ ဦးကို အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့ (GOF) က ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသားတွေအများဆုံးပါဝင်ခဲ့တယ်လို့ မနေ့က ဧပြီလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိန်းသိမ်းခံထားရတဲ့ အမျိုးသား ၃၂၂ ဦးနဲ့ အမျိုးသမီး ၅၇ ဦးတို့ထဲမှာ မြန်မာနိုင်ငံသားတွေက အများစုဖြစ်ပြီး ကျန်တဲ့သူတွေက ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က ဖြစ်တယ်လို့ GOF ရဲ့အရှေ့တောင်ပိုင်းတိုင်းတပ်မဟာ အကြီးတန်း လက်ထောက် ရှိတ်ခ်အဇာ ရှိတ်ခ်အိုမာက ပြောကြားခဲ့ပါတယ်။

ခိုးဝင်လာကြတဲ့ နိုင်ငံခြားသားတွေဟာ ကယ်လယ်တန်ပြည်နယ်နဲ့ တခြားပြည်နယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေဖို့အပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်တဲ့နေရာတွေကနေ ဝင်ရောက်လာခဲ့ကြတယ်လို့လည်း ထုတ်ဖော်ပြောကြားချက်တွေအရ သိရပါတယ်။

GOF က နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှုတွေ၊ အထူးသဖြင့် လူကုန်ကူးမှုတွေကို တားဆီးနိုင်ဖို့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့သလို မလေးရှားစစ်တပ် (ATM)၊ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ တော်ဝင်မလေးရှားအကောက်ခွန်ဌာနတို့လိုမျိုး အခြားဥပဒေစိုးမိုးရေးအေဂျင်စီတွေကလည်း သတင်းအချက်အလက်မျှဝေခြင်းနဲ့ သူတို့ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ကူညီပေးခဲ့တယ်လို့ ရှိတ်ခ်အဇာက ပြောကြားခဲ့ပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *