၁၁. ၄. ၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၊ ကြိုးကြာအုပ်စု၊ ကြိုးကြာရွာတွင် စိတ်ဝေဒနာခံစားနေရသည့် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး နေအိမ်၌ ကြိုးဆွဲချပြီးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ဖြစ်စဥ်တွင် ဧပြီလ ၁၀ ရက် နံနက် ၁၁ နာရီအချိန် ကြိုးကြာရွာရှိ အုပ်ချုပ်ရေးမှူးမှ ထုံးဘိုနယ်မြေရဲစခန်းရှိ နယ်မြေခံရဲစခန်းအား အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးနေကြောင်း တာဝန်ရှိသူများထံသို့ အကြောင်းကြားပြီးနောက် တာဝန်ရှိသူများမှာ ရောက်ရှိလာပြီး ထိုအမျိုးသမီးအကြောင်းကို စုံစမ်းစစ်ဆေးရာလွန်ခဲ့သော ၅ နှစ်ခန့်ကတည်းက ထိုအမျိုးသမီးမှာ စိတ်ဝေဒနာခံစားနေရသူဖြစ်ပြီး၊ ၎င်း၏အမျိုးသား ခွဲတပ်ကြပ်ကြီး အောင်သန်းကျော်နှင့်အတူ ကြိုးကြာကျေးရွာတွင် အတူတူနေထိုင်ပြီးနောက် ထိုခွဲတပ်ကြပ်ကြီးမှာ ကပစ ( ၉) တွင် တာဝန်ထမ်းဆောင်ပြီး ထိုကပစ (၉) ရှိ လိုင်းခန်းတွင် တစ်ဦးတည်းနေထိုင်ကြောင်း၊ ၎င်း၏ အမျိုးသမီးဖြစ်သူမှာလည်း အခင်းဖြစ်နေရာတွင် တစ်ဦးတည်းနေထိုင်ရာမှ ယခုဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်ပြီး အသက် ၆၁ နှစ်အရွယ် ဒေါ်တင်ဌေးမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရေးအတွက် ထုံးဘိုတိုက်နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး တာဝန်မှူး ဒုရဲအုပ်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ထုံးဘိုနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဥ် ( ၁/၂၀၂၄) ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *