၁၁. ၄. ၂၀၂၄
Written by Pan Ei

ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) က မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ပြင်းထန်လာတာနဲ့ ပတ်သက်ပြီး နယ်စပ် ကုန်သွယ်ရေး ကျဆင်းလာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိကြောင်းနဲ့ ထိုင်းနိုင်ငံကို တရားမဝင် အလုပ်သမားတွေ ပိုမိုဝင်ရောက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

နှစ်စဉ် ဘတ် ၁၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ) တန်ဖိုးရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ပဋိပက္ခတွေ ပြင်းထန်လာတဲ့အခါတိုင်း နစ်နာလေ့ရှိကြောင်း FTI ဥက္ကဋ္ဌ ခရင်းခရွိုင် သီနူကူလ်က ပြောကြားခဲ့သလို အများအားဖြင့် မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံကနေ လူသုံးကုန်ပစ္စည်းမျိုးစုံကို တင်သွင်းတဲ့အတွက် ခုလို တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ကုန်သွယ်မှုတန်ဖိုး ကျဆင်းမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေတာပါ။

ဒါ့အပြင် ပဋိပက္ခက သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင် မြန်မာနိုင်ငံသားတွေအကြား ကုန်စည်ပြတ်လပ်မှုတွေလည်း ဖြစ်စေနိုင်တယ်လို့ ခရင်းခရွိုင်က ထောက်ပြခဲ့ပါတယ်။

မဲဆောက်ခရိုင်အတွင်း ကုန်သွယ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားပြီးနောက် ထိုင်းအာဏာပိုင်တွေက နယ်စပ်ကုန်သွယ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီး ပန်ပရီဟာဘစ်ဒါ နုကာရာ က အရင်က ပြောကြားခဲ့ဖူးပြီး ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ မြဝတီမြို့မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေအကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့တွေက မြဝတီမြို့ကို ထိန်းချုပ်နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည် တစ်သိန်းကို အစိုးရက လက်ခံပေးဖို့ပြင်ဆင်ထားတယ်လို့ FTI ဒု-ဥက္ကဋ္ဌ ဆူချတ် ချန်တာနာကာချာက ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများအပြားရှိနေတယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ပြောကြားခဲ့ပြီး နိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂ ဒသမ ၆ သန်းကနေ ၃ သန်း လောက်ရှိတဲ့အနက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ၁ ဒသမ ၆ သန်းလောက်ရှိတယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေဟာ အစားအစာထုတ်လုပ်ခြင်း၊ ရေလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ မော်တော်ယာဥ်အစိတ်အပိုင်းတွေအတွက်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်း၊ ရော်ဘာခြံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် နယ်ပယ်အသီးသီးမှာ အလုပ်လုပ်ကိုင်လျက်ရှိနေကြပြီး အထူးသဖြင့် ကြံစိုက်ပျိုးခြင်းလုပ်ငန်းတွေမှာလည်း လုပ်သားအင်အားစုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နဲ့ ဥရောပနိုင်ငံအများအပြားရဲ့ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုဒဏ်ကို ခံခဲ့ရပေမဲ့ မြန်မာနိုင်ငံရှိ ထိုင်းကုမ္ပဏီတွေကတော့ သူတို့ရဲ့ထုတ်ကုန်တွေကို မြန်မာဈေးကွက်အတွက်သာ သီးသန့်ဖြန့်ဝေပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ခြင်းမရှိတာကြောင့် ကုမ္ပဏီတွေအပေါ် ထိခိုက်မှု မရှိဘူးလို့လည်း ခရင်းခရွိုင် က ထောက်ပြပြောဆိုခဲ့ပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *