၁၁. ၄. ၂၀၂၄
Written by Hey Mar

ကားပျက်လို့ ရပ်ထားတဲ့ YBS ယာဥ်ရဲ့ အင်ဂျင်ခန်းကို သုံးဘီးဆိုင်ကယ်တစ်စီးက ဝင်တိုက်ပြီး ဆိုင်ကယ်ကယ်ရီသမား လမ်းမပေါ် ပက်လက်လန်ကာ ဆန့်ဆန့်ကြီး လဲကျနေတာကြောင့် အနီးအနားက တာဝန်သိပြည်သူတွေက လူမှုကူညီရေးအသင်းတွေဆီ အကြောင်းကြားပေးခဲ့ရတဲ့ဖြစ်စဥ် မနေ့က ဧပြီ ၁၀ ရက် ညနေ ၅ နာရီကျော်အချိန်က လှိုင်သာယာမှာ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဥ်က လှိုင်သာယာ ရုံးရှေ့ မှတ်တိုင်အနီး အောင်ဇေယျအိမ်ရာဝင်ပေါက် ဂတ်စ်ဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

အကူအညီသွားရောက်ခဲ့တဲ့ ကရုဏာတွဲလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “လမ်းမပေါ် ပက်လက်ကြီးဆိုတော့ စိုးရိမ်လွန်ပြီး ဖုန်းဆက်ခေါ်ကြတာပေါ့။ ကိုယ်တွေရောက်ပြီး စစ်ဆေးပြီး ကားပေါ်တင်မယ်လုပ်မှ အိပ်ရာကနိုးလာတာ။ အမူးလည်းလွန်နေတယ်။ ယာဥ်ထိန်းကခေါ်သွားပြီ”လို့ MT News ကို ပြန်လည်ဖြေကြားပါတယ်။

ဖြစ်စဥ်ကြောင့် YBS ယာဥ်မှာ ပိန်ချိုင့် ပျက်စီးမှုအနည်းငယ်နဲ့ သုံးဘီးဆိုင်ကယ် ရှေ့ဘက်ပိုင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *