၈.၄.၂၀၂၄.
Translated by Htwe Ko Tun

နေကြတ်မှုဖြစ်စဉ်များအနက် အကြာရှည်ဆုံးနှင့် အပြည့်အဝနေကြတ်မှုကို မြောက်အမေရိကတိုက်ရှိ မက္ကဆီကိုနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများမှ ယနေ့ ဧပြီလ ၈ ရက်တွင် မြင်တွေ့ ကြရမည်ဖြစ်ကြောင်း သိရသည်။

နေကြတ်ခြင်းဆိုသည်က နက္ခတ္တဗေဒဖြစ်စဉ်အရ နေအားကမ္ဘာက လှည့်ပတ်လျက်ရှိနေချိန်တွင် နေနှင့် ကမ္ဘာအကြားသို့ ကမ္ဘာကိုလှည့်ပတ်နေသော လ ရောက်ရှိကာ နေ၊ လနှင့် ကမ္ဘာတို့ တစ်တန်းတည်း တည်ရှိနေမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထိုသို့ နေ၊ လနှင့် ကမ္ဘာတို့ တစ်တန်းတည်း တည်ရှိနေချိန်တွင် လ၏အရိပ်က ကမ္ဘာပေါ်သို့ကျရောက်ကာ ထိုကဲ့သို့အရိပ်ကျသောနေရာများတွင် လုံးဝ နေ ကြတ်မှု(သို့မဟုတ်)တစ်စိတ်တစ်ပိုင်းနေကြတ်မှု ဖြစ်ပေါ်မည်ဖြစ်သည်။

ဧပြီလ ၈ ရက် နေကြတ်မှုတွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၁၃ ခုက လုံးဝ နေအပြည့်ကြတ်မှုကိုတွေ့မြင်ကြရမည်ဖြစ်ပြီး နေအပြည့်ကြတ်ချိန်မှာလည်း ၄ မိနစ်နှင့် ၂၇ စက္ကန့်ကြာမည်ဟု သိရသည်။ နေကြတ်မှုဖြစ်ပွားချိန်တွင် ထိုပြည်နယ်များ၌ နေ့အချိန်၌ပင် လေးမိနစ်ကျော်ခန့် ညအချိန်ကဲ့သို့ မှောင်ကျသွားမည်ဖြစ်သည်။

နေအပြည့်အဝကြတ်ခြင်းကို မက္ကဆီကိုနိုင်ငံ၊ ပစိဖိတ်ကမ်းရိုးတန်းမှ စတင်တွေ့မြင်ရမည်ဖြစ်ကာ ထို့နောက်တွင်မူ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၌ နေအပြည့်အဝကြတ်မှုကို ဧပြီလ ၈ ရက် ပစိဖိတ်စံတော်ချိန် မွန်းလွဲ ၁၃း၂၇ နာရီ (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် နံနက် ၀၀း၂၇ နာရီ)တွင် စတင်တွေ့မြင်ကြရမည်ဖြစ်သည်။ နောက်ဆုံးနေရာအဖြစ် မိန်းပြည်နယ်၌ ဧပြီလ ၈ ရက် ပစိဖိတ်စံတော်ချိန် မွန်းလွဲ ၁၅း၃၅ နာရီ (မြန်မာစံတော်ချိန် ဧပြီလ ၉ ရက် နံနက် ၀၂း၀၅နာရီ)တွင်တွေ့မြင်ကြရမည်ဖြစ် သည်။

နေကြတ်မှုဖြစ်စဉ်တစ်ခုလုံးက နှစ်နာရီခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့မှ နေကြတ်မှုဖြစ်စဉ်ကို မြင်တွေ့ကြရမည်ဖြစ်သည်ဟု နာဆာအဖွဲက ပြောကြားထားသည်။ အမေရိကန်ပြည်ထောင်စုအတွင်း ပြည်နယ် ၁၃ ခု၌ နေအပြည့်အဝကြတ်မှုကို ပြည်သူ ၃၁ သန်း ခန့်တွေ့မြင်နိုင်ကြကာ ကျန်ပြည်နယ်များ၌လည်း နေတစ်စိတ်တစ်ပိုင်းကြတ်မှုကိုတွေ့မြင်ကြရမည်ဖြစ်သည်။

Ref -CNTV

Leave a Reply

Your email address will not be published. Required fields are marked *