၈. ၄. ၂၀၂၄
Written by Ye Kyaw

ပြည်တွင်း၌ ကုန်ချောနှင့် တစ်စိတ်တစ်ပိုင်း ကုန်ချောပစ္စည်း ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သို့ မရောင်းချဘဲ ပြည်ပသို့ရာနှုန်းပြည့် တင်ပို့သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထံ ရောင်းချသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောက်ခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားခွင့် မရှိတော့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု‌ဥပဒေ ပုဒ်မ ၁၀၀ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၇/၂၀၁၇ ဖြင့် ထုတ်ပြန်ထားသည့် ပြည်ပသို့ရာခိုင်နှုန်းအပြည့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၄ ဖြင့် ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၇/၂၀၁၇ အရ ရင်းနှီးမြှုပ်နှံသူများက ပြည်တွင်း၌ ထုတ်လုပ်ပြီး ထွက်ရှိလာသော ကုန်ချောပစ္စည်းနှင့် တစ်စိတ်တစ်ပိုင်းကုန်ချော ထုတ်ကုန်များအားလုံး ပြည်တွင်းဈေးကွက်သို့ ရောင်းချခြင်းမပြုဘဲ ပို့ကုန်ထုတ်လုပ်ရန်အတွက် ပြည်ပသို့ ရာနှုန်းပြည့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထံ ရောင်းချပါက ယင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအား ပြည်ပသို့ရာနှုန်းပြည့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြည်ပသို့ရာနှုန်းပြည့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဖြစ် သတ်မှတ်ထားသည့် လုပ်ငန်းများသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ (၇၇) နှင့်အညီ အကောက်ခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားနိုင်ကြောင်း ကြေညာထားခြင်းဖြစ်သည်။ အမိန့်ကြော်ငြာစာအမှတ် ၈၇/၂၀၁၇ အား ရုပ်သိမ်းလိုက်သည့်အတွက် အထက်ပါလုပ်ငန်းများသည် ကောက်ခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားနိုင်ခြင်းမရှိတော့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News