၈. ၄. ၂၀၂၄
Written by Nay Moe

ကျောင်းဆရာတစ်ဦးနှင့် ရာအိမ်မှူးနှစ်ဦးတို့ကို PDF များက ဧပြီ ၅ ရက် တစ်နေ့တာအတွင်း သတ်ဖြတ်မှု နတ်မောက်မြို့နယ်နှင့် စဥ့်ကူးမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာ၊ လောကမာရဇိန်ဘုရားအနီးရှိ လက်ဖက်ရည်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးအောင်မိုးဦး(၄၈)နှစ်သည် ၎င်းလက်ဖက်ရည်ဆိုင်အတွင်း ရှိနေစဉ် PDF ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်မိုးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရှိ “အောင်ကျော်စွာ” လက်ဖက်ရည်ဆိုင်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးထွန်းထွန်းဦး(၄၉)နှစ်သည် ၎င်းလက်ဖက်ရည်ဆိုင်အတွင်း ရှိနေစဉ် PDF တစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းထွန်းဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင် ရေး စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထို့အတူ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကမ်းပြိုကျေးရွာ၊ စိုင်ကောင်း-နတ်မောက်ကားလမ်းဘေး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကွင်းကြီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြကျောင်းဆရာဖြစ်သူ ဦးနေအောင်(၃၇)နှစ်သည် ကျေးရွာရှိ ဆိုင်ကယ်ပြင်ဆိုင်၌ ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ စိုင်ကောင်း-နတ်မောက်ကားလမ်းဘေးအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးနေအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *