၈. ၄. ၂၀၂၄
Written by Pan Ei

ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်ထားခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံက Juan Vicente Pérez Mora လို့ အမည်ရတဲ့ အဘိုးအိုဟာ သူ့ရဲ့ ၁၁၅ နှစ် မြောက်မွေးနေ့မတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်က ကွယ်လွန်သွားခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ အသက် ၁၁၁ နှစ်အရွယ် ဗြိတိန်အမျိုးသား John Alfred Tinniswood ဟာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

အသက်အကြီးဆုံးအမျိုးသားအဖြစ် သရဖူဆောင်းနိုင်ဖွယ်ရှိခဲ့တဲ့ ၁၉၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ မွေးဖွားခဲ့တဲ့ အသက် ၁၁၂ နှစ်အရွယ် ဂျပန်နိုင်ငံက Gisaburo Sonobe ဆိုသူ အဘိုးအိုဟာ မတ်လ ၃၁ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီးနောက် အဘိုးအို John Alfred Tinniswood က ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ဖြစ်လာခဲ့တာပါ။

အင်္ဂလန် အနောက်မြောက်ပိုင်း၊ ဆောက်ပေါ့ပ်မြို့ရှိ ပြုစုစောင့်ရှောက်ရေးဂေဟာမှာ နေထိုင်လျက်ရှိတဲ့ Tinniswood ကို ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ပါတယ်။

Tinniswood ကို တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ပြီးနောက် လအနည်းငယ်အကြာ ၁၉၁၂ ခုနှစ် သြဂုတ်လ ၂၆ ရက်က လီဗာပူးမြို့မှာ မွေးဖွားခဲ့ပြီး သူဟာ ကမ္ဘာစစ်နှစ်ခုကို ဖြတ်သန်းနေထိုင်ခဲ့သလို ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်တပ်အတွက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် Tinniswood ဟာ ဒုတိယကမ္ဘာစစ်အတွင်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား စစ်ပြန်တစ်ဦးဖြစ်ကြောင်းလည်း ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွေအရ သိရပါတယ်။

Tinniswood ရဲ့အဆိုအရ ထိန်းညှိပေးခြင်းက ကျန်းမာတဲ့ဘဝတစ်ခုအတွက် အဓိကသော့ချက်ဖြစ်တယ်လို့ သိရပြီး သူဟာ ငါးနဲ့ အာလူးချောင်းကြော်ကို အပတ်စဉ် သောကြာနေ့တိုင်း စားတတ်သလို ဆေးလိပ်လုံးဝမသောက်ကာ၊ အဖျော်ယမကာတွေ သောက်တာလည်း ရှားပြီး ဝိတ်ချတာမျိုးလည်း မလုပ်ဘူးလို့ ပြောပါတယ်။

“အလွန်အကျွံသောက်တာတွေ၊ အလွန်အကျွံစားတာတွေ၊ အလွန်အကျွံ လမ်းလျှောက်တာတွေ၊ ဘယ်အရာကိုမဆို အလွန်အကျွံလုပ်ရင် နောက်ဆုံးမှာ ဝေဒနာခံစားရလိမ့်မယ်” လို့ Tinniswood က ဂင်းနစ်စံချိန်တင်မှတ်တမ်းအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

အငြိမ်းစားစာရင်းကိုင်တစ်ဦးလည်းဖြစ်တဲ့ အဘိုးအို Tinniswood ဟာ ဇနီးသည် Blodwen နဲ့ သမီးတစ်ဦး ထွန်းကားခဲ့ပြီး မြေးလေးဦးနှင့် မြေး သုံးဦးရှိတယ်လို့ သိရပါတယ်။

လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးနဲ့ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှားရှိသူ လူသားအဖြစ် စံချိန်တင်ထားသူဟာ စပိန်နိုင်ငံက အသက် ၁၁၇ နှစ်အရွယ် Maria Branyas Morera ဆိုသူ အမျိုးသမီး ဖြစ်ပါတယ်။

Ref; CBS News

Leave a Reply

Your email address will not be published. Required fields are marked *