၈. ၄. ၂၀၂၄
Written by Pan Ei

အရှေ့အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းမှာ ကူးတို့လှေတစ်စင်း နစ်မြုပ်ပြီး လူ ၉၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်တွင်းအာဏာပိုင်တွေက ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတွေက ဒီနေ့မှာ ဖော်ပြထားပါတယ်။

ကူးတို့လှေက နမ်ပူလာပြည်နယ်ရှိ လွန်ဂါရွာကနေ နမ်ပူလာ ကမ်းလွန်ရှိ မိုဇမ်ဘစ်ကျွန်းကို ခရီးနှင်နေချိန်မှာ နစ်မြုပ်ခဲ့တာဖြစ်သလို နမ်ပူလာပြည်နယ်က တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ လှေမှာ လူ ၁၃၀ လောက် လိုက်ပါလာခဲ့တယ်လို့ ယူဆရပြီး လူငါးဦးကိုသာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရကာ ကျန်သူတွေက ပျောက်ဆုံးနေဖွယ်ရှိနေပါတယ်။

ကူးတို့လှေပေါ် လိုက်ပါလာသူတွေက ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ နမ်ပူလာပြည်နယ် ပြောရေးဆိုခွင့်ရှိသူ Jaime Neto က မနေ့ကပြောကြားခဲ့သလို သေဆုံးသူတွေထဲ ကလေးငယ်များစွာ ပါဝင်ခဲ့တယ်လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

လှေမှောက်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ စုံစမ်းစစ်ဆေးသူတွေက လုပ်ဆောင်နေတယ်လို့ သိရပြီး အသက်ရှင် ကျန်ရစ်သူ ငါးဦးအနက် နှစ်ဦးမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

နမ်ပူလာပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းက အာဖရိကတောင်ပိုင်းက နိုင်ငံအများအပြားမှာ ပျံ့နှံ့ခဲ့တဲ့ ကာလဝမ်းရောဂါကြောင့် အဆိုးရွားဆုံး ထိခိုက်မှုတွေကို ခံစားနေရပါတယ်။

Unicef ​​ရဲ့အဆိုအရ လက်ရှိရောဂါဖြစ်ပွားမှုတွေဟာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့လည်း သိရသလို ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက မိုဇမ်ဘစ်မှာ အတည်ပြုထားတဲ့ ရောဂါဖြစ်ပွားမှုပေါငိး ၁၃,၇၀၀ ရှိခဲ့ပြီး သေဆုံးသူ ၃၀ ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; Reuters, AFP

Leave a Reply

Your email address will not be published. Required fields are marked *