၈. ၄. ၂၀၂၄
Written by Ye Kyaw

ပုံမှန်လမ်းကြောင်းအတိုင်း သွား၍မရဘဲ တောလမ်းကသာ သွားလာနေရသည့် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ လက်ရှိတိုက်ပွဲအခြေအနေများကြောင့် မနေ့ကအထိ အခြေအနေကြည့် ဆောင်ရွက်ခဲ့ရသော်လည်း ယနေ့တွင် ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ပြီဖြစ်သည့်အပြင် ကားခဈေးနှုန်းများလည်း ထပ်မံမြင့်တက်ခြင်းမရှိကြောင်း မြဝတီနယ်စပ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေသူများထံမှ သိရသည်။

“ပုံမှန်သွားလို့ရလားဆိုတော့ ပုံမှန်တော့မရဘူး။ တိုက်ပွဲဖြစ်နေတယ်လေ။ အဲဒီကြားထဲက အဆင်ပြေသလို သွားနေရတာပဲ။ ဒီတောလမ်းကလည်း နှစ်ပေါက်နေပြီ။ ဒီတစ်လမ်းပဲ သွားလို့ရတာ။ စစ်ကြောင်းထိုးနေတဲ့အချိန်တော့ လမ်းတွေပိတ်ထားတာဆိုတော့ သွားလို့မရဘူး။ အခုတော့ ဒီလိုပဲကြည့်ပြီး သွားနေရတာပေါ့။ ဒီနေ့ဆို တောလမ်းက ပုံမှန်အတိုင်း သွားလို့ရပါတယ်။ အာရှလမ်းကို မသွားရဘဲ ဒီတောလမ်းကို သွားရတာက နှစ်ပေါက်နေပြီ။ အာရှလမ်းထက်စာရင် ဒီလမ်းက အဆများစွာ ဈေးတက်သွားတာ။ လမ်းစရိတ်တွေအနေနဲ့ ၁၂ ဘီးတစ်စီးဆိုရင် ခန့်မှန်းခြေ အနည်းဆုံး သိန်း ၂၀ လောက်ကုန်တယ်။ အဲဒီအမြင့်ဈေးကနေ ဒီရက်ပိုင်းဖြစ်စဉ်တွေကြောင့် ဈေးထပ်တက်တာတော့ မရှိပါဘူး။ ဒီတစ်ရက်၊ နှစ်ရက်အတွင်းကိုတော့ ဈေးထပ်တက်တာမရှိဘူး” ဟု မြဝတီမြို့တွင် ကုန်စည်ပို့ဆောင်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသည့် ကရင်ပြည်နယ်၊ မြဝတီမြို့ကို KNLA နှင့် PDF များ ပူးပေါင်းပြီး ဧပြီလ ၆ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြဝတီ၌ တပ်ရင်း ၂၇၅ ကပဲ လက်နက်မချ၊ မကျရှုံးဘဲရှိနေသကဲ့သို့ လက်ရှိစစ်ရေးအကျပ်အတည်းအရ မြဝတီကို လေကြောင်းတိုက်ခိုက်မှူစမည်ဖြစ်ကြောင်း ယုံကြည်နေခြင်းကြောင့် မြဝတီဒေသခံများက စစ်ရှောင်လာနိုင်ကြောင်းလည်း ထိုင်းသတင်းဌာန The Reporter တွင် ရေးသားဖော်ပြထားသည်။

မြဝတီနယ်စပ် တောလမ်းပိုင်းသည် အာရှလမ်းမကြီးကဲ့သို့ ပုံမှန်ကုန်သွယ်ရေး မဆောင်ရွက်နိုင်ဘဲ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နေရခြင်းဖြစ်သည့်အပြင် သင်္ကြန်ရက်နီးလာ၍ ကုန်ကားအခက်အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် ဧပြီလဆန်းပိုင်းတွင် ကားခဈေးနှုန်းများ ထက်ဝက်ခန့် မြင့်တက်ခဲ့သည်။

ပုံမှန်လမ်းအကြောင်းအခြေအနေ၌ပင် သင်္ကြန်ကာလနီးချိန်တွင် ကုန်ပစ္စည်းများ ကြန့်ကြာခြင်း၊ ပြတ်တောက်ခြင်းများနှင့် သယ်ယူစရိတ်မြင့်တက်လေ့ရှိသည့် မြဝတီလမ်းပိုင်းတွင် လက်ရှိ တိုက်ပွဲအခြေအနေများကြောင့် ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲများဖြစ်ပေါ်ပြီး ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News