၈. ၄. ၂၀၂၄
Written by Shwe Phyo

ထိုင်း ဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်သည် မြန်မာနိုင်ငံ၏ အခြေအနေများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန် ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ မြဝတီမြို့တွင် ယခုရက်ပိုင်းက တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်အဖွဲ့များက မြဝတီမြို့ကို ထိန်းချုပ်နိုင်ခဲ့သလို မြန်မာ့တပ်မတော်သားများနှင့် အရပ်ဘက်အစိုးရအဖွဲ့ဝင်များ ဆုတ်ခွာခြင်းများရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

မြန်မာအစိုးရသည် ထိုင်းနိုင်ငံဘက်ခြမ်းကို ဆုတ်ခွာခဲ့သော မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရန်အတွက် ထိုင်းနိုင်ငံသို့ မြန်မာအရပ်ဘက်လေယာဉ်များ ဧပြီ ၇ ရက်နေ့မှ ၉ရက်နေ့အထိ ဆင်းသက်ရပ်နားခွင့်ပေးရန်လည်း တောင်းဆိုထားကြောင်း သိရသည်။

ထို့အတွက်လည်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ပြောင်းလဲနေသည့် မြန်မာနိုင်ငံ၏အခြေအနေများနှင့်ပတ်သက်ပြီး ထိုင်းအစိုးရအဖွဲ့အတွင်း သက်ဆိုင်သူများနှင့်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၏အခြေအနေများနှင့်ပတ်သက်ပြီး ထိုင်း နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းကာကွယ်ရေးဦးစီးချုပ်၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်တို့ ပါဝင်မည့် ထိုင်းအစိုးရအဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုများကို ဧပြီ ၉ ရက်နေ့တွင်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်းဝန်ကြီးချုပ်အပါအဝင် ထိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုရလဒ်များကို သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ထိုင်းနှင့်မြန်မာအစိုးရနှစ်ရပ်ကြား ဆက်ဆံမှုက ပုံမှန်အခြေနေမျိုး ရှိနေဆဲဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သောသတင်းရင်းမြစ်က ပြောသည်။

REF matichon

Leave a Reply

Your email address will not be published. Required fields are marked *