၈.၄.၂၀၂၄
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ခန်းယူနီးစ်မြို့မှ ၎င်း၏တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းခဲ့ပြီဟု အစ္စရေးဘက်က ကြေညာခဲ့ပြီးသည့်နောက် ဧပြီလ ၇ ရက်တွင် မြို့အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသည့် ဌာနေပါလက်စတိုင်းများမှာလည်း လမ်းများပေါ်တွင် ၎င်းတို့ပတ်ပတ်လည်၌ အပျက်အစီးများနှင့် ထိခိုက်ပျက်စီးနေသောအဆောက်အအုံများသာ ဝန်းရံ၍နေသည်ကိုတွေ့ခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက အစ္စရေးတပ်ဖွဲ့များ ခန်းယူနီးစ်မြို့မှ ပြန်လည်ဆုတ်ခွာလာသော်လည်း ဂါဇာဒေသအတွင်း အစ္စရေးတပ်ဖွဲ့များစွာရှိနေသေးကြောင်းနှင့် တပ်များကို ပြန်လည်စုစည်းကာ ရာဖာမြို့အတွင်း တိုက်ခိုက်ရန်အပါအဝင် စစ်ဆင်မှုအသစ်များအတွက် ကြိုတင်ပြင်ဆင်နေခြင်းဟု ပြောခဲ့သည်။

အစ္စရေးတပ်ဖွဲ့များက ခန်းယူနီးစ်မြို့မှ ပြန်လည်ဆုတ်ခွာသွားသော်လည်း ဂါဇာဒေသအတွင်း အစ္စရေးတို့၏ စစ်ဆင်ရေးများကို ရပ်တန့်သွားမည်မဟုတ်ဟု အစ္စရေးစစ်ဦးစီးချုပ်ကလည်း ဧပြီလ ၇ ရက်တွင်ပြောခဲ့သည်။ဧပြီလ ၇ ရက်တွင် အစ္စရေးတို့နှင့် ဟားမားစ်တို့အကြားတိုက်ခိုက်မှုများက ခုနှစ်လကြာမြင့်ခဲ့ပြီဖြစ်ပြီး ဂါဇာဒေသအတွင်း လူ ၃၃,၀၀၀ ကျော်သေဆုံးကာ အစားအစာ ပြတ်တောက်မှု ဘေးဒုက္ခကိုလည်း ရင်ဆိုင်နေကြရသည်။

အစ္စရေးတပ်ဖွဲ့များ ဂါဇာကမ်းမြောင်ဒေသအတွင်း စတင် ဝင်ရောက်တိုက်ခိုက်ချိန်က ဂါဇာတောင်ပိုင်းရှိ ခန်းယူနီးစ်မြို့က တိုက်ပွဲများဖြစ်ပွားမှုမှကင်းဝေးသော လုံခြုံစိတ်ချရသည့်နေရာအဖြစ် သတ်မှတ်ခဲ့ကြသေးသည်။ သို့သော်နောက်ပိုင်းတွင်မူ အစ္စရေးတပ်ဖွဲ့များက ဂါဇာတောင်ပိုင်းသို့ ထိုးစစ်ဆင်လာသည်နှင့်အမျှ ခန်းယူနီးစ်မြို့ကိုလည်း ဟားမားစ်တို့၏ အခိုင်အမာ ခြေကုပ်စခန်းတစ်ခုအဖြစ်သတ်မှတ်ကာ အစ္စရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ဂါဇာဒေသအတွင်းသို့ လူသားချင်းစာနာထောက်ပံ့မှု အကူအညီများ ပိုမိုခွင့်ပြုပို့ဆောင်ပေးရန် ဖိအားပေးလျက်ရှိသည်။ သို့ရာတွင် ဂါဇာနှင့် အစ္စရေးနိုင်ငံတို့အကြား ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဂါဇာမြောက်ပိုင်းရှိ အီရက်ဇ်ဂိတ်(Erez Crossing) ကိုပြန်ဖွင့်ပေးရန် အဓိကအဆင့်မှာ နှောင့်နှေးနေရပြီး တာဝန်ရှိသူများအနေနှင့် စာရင်းဇယားများကို စိစစ်လျက်ရှိသည်ဟု အစ္စရေးအရာရှိတစ်ဦးက ဧပြီလ ၇ ရက်တွင် ပြောခဲ့သည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *