၃၀.၃.၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်းထားသော လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် BGF တပ်ဖွဲ့က သောင်းရင်းမြစ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် ဒုစရိုက်နယ်မြေများအကြီးမားဆုံးတည်ရှိရာ ရွှေကုက္ကိုရွာနယ်မြေအတွင်း ၎င်း၏တည်ရှိမှုကို ကာကွယ်ရန် ဖြစ်နိုင်ဖွယ်လုပ်ဆောင်မှုအဖြစ် မြန်မာအစိုးရအားသစ္စာခံနေခြင်းကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

BGF တပ်ဖွဲ့က မြန်မာ့တပ်မတော်နှင့်မဟာမိတ်အဖြစ်တည်ရှိမှုကို ပယ်ဖျက်ခဲ့ခြင်းက ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများပေးပို့နေချိန်တွင် နယ်စပ်တစ်လျှောက် မြန်မာ့တပ်မတော် အစိုးရ၏ ဩဇာလွှမ်းမိုးမှုကို လျော့ပါးစေမည်ဟုလည်း ယူဆကြသည်။

ထိုင်းနှင့်မြန်မာနယ်စပ်တစ်လျှောက်တွင် ဩဇာလွှမ်းမိုးမှုရှိသော BGF က ကရင်အမျိုးသားတပ်မတော် KNA အဖြစ်အသွင်ပြောင်းကာ ၎င်းအနေဖြင့် မြန်မာ့တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် မတည်ရှိတော့ကြောင်းနှင့် ယခုမှစ၍ ကြားနေရပ်တည်သွားမည်ဟု ပြောခဲ့သည်။

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားသမဂ္ဂ(ကေအန်ယူ)နှင့် ၎င်း၏စစ်ဘက်အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့က အဓိကကျသော အစိုးရဆန့်ကျင်ရေး အင်အားစုများလည်းဖြစ်သည်။ BGF က KNU မှ ခွဲထွက်လာခဲ့ခြင်းဖြစ်ကာ အင်အားအနည်းဆုံး ၅,၀၀၀ ခန့်ရှိသည်ဟုလည်းဆိုသည်။

ထိုင်းအစိုးရက ၎င်း၏လူသားချင်းစာနာထောက်ထားသည့်အကူအညီများကို မြန်မာနိုင်ငံအတွင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများနှင့် ကျေးရွာသားများအတွက် မတ်လ ၂၅ ရက်တွင် စတင်ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကူညီထောက်ပံ့မှုကို မြန်မာအစိုးရနှင့် အာဆီယံအဖွဲ့၏ အခြားသောအဖွဲ့ ဝင်နိုင်ငံများမှအစိုးရများကပါ ထောက်ခံခဲ့ကြသည်။

BGF အဖွဲ့က မြန်မာ့တပ်မတော်နှင့် လက်တွဲလျက်ရှိသည့် ရပ်တည်ချက်ကို ပြောင်းလဲလိုက်မှုအပါအဝင် ရှုပ်ထွေးလှသည့် အပေးအယူအခြေအနေများက ကရင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပေါ်လာမည်ဟု ယူဆနေရသည်။

နိုင်ငံရေးအကဲဖြတ်တစ်ဦးဖြစ်သည့် ဦးသန်းစိုးနိုင်က BGF က ယခုကဲ့သို့ မြန်မာ့တပ်မတော်နှင့် ဆက်သွယ်နေမှုကို ဖြတ်တောက်ခဲ့ခြင်းက KNLA နှင့် အခြားသော လက်နက်ကိုင်တပ်ဖွဲ့ များ၏တိုက်ခိုက်မှုကို ရပ်တန့်သွားစေရန် လုပ်ဆောင်မှုဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ မကြာမီကပင် တပ်မတော်နှင့် KNLA တို့ အကြား တိုက်ခိုက်မှုများက ပို၍ အရှိန်မြင့်လာခဲ့သည်။

ထို့ပြင် BGF တို့၏ သဘောထားပြောင်းလဲရပ်တည်မှုက ရွှေကုက္ကိုနယ်မြေတွင် ၎င်း၏ဩဇာလွှမ်းမိုးမှု ခိုင်မာစေရန်နှင့် ၎င်း၏အာဏာချုပ်ကိုင်ထားနိုင်မှု ဆက်လက်တည်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်မည်ဟုလည်း သုံးသပ်ကြသည်။ ရွှေကုက္ကိုနယ်မြေက မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ဂိတ်၏ မြောက်ဘက် မြန်မာနိုင်ငံအတွင်း တည်ရှိသော နယ်စပ်ကာစီနို လောင်းကစားဝင်းကြီးလည်းဖြစ်သည်။

ထိုင်းနှင့်မြန်မာနှစ်နိုင်ငံနယ်စပ်တွင် သောင်းရင်းမြစ်ကမ်းပါးပေါ်၌တည်ရှိသော ရွှေကုက္ကိုရွာက ဟောင်ကောင်တွင်မှတ်ပုံတင်ထားသော Yatai အပြည်ပြည်ဆိုင်ရာလုပ်ငန်းများအုပ်စုကခေါင်းဆောင်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် တိုးတက်လာခဲ့သည်။ ၎င်းကိုထောက်ခံသူများက အပန်းဖြေစခန်းတစ်ခုအဖြစ်ပြောကြသော်လည်း ၎င်းက အွန်လိုင်းလိမ်ညာမှု ကျားဖြန့်စခန်းများတည်ရှိရာနှင့် လူကုန်ကူးမှုလုပ်ငန်းတို့အတွက် အချက်အခြာနေရာဖြစ်သည်။

ရွှေကုက္ကိုနယ်မြေက မြန်မာအစိုးရ၏ အုပ်ချုပ်မှုအာဏာအောက်တွင်လည်း တည်ရှိခြင်းမရှိပေ။ BGF အဖွဲ့က ချုပ်နှောင်ခံထားရသော တရုတ်လူမျိုးနှင့် အခြားနိုင်ငံခြားသားများကို ထိုနေရာတွင် အတင်း အဓမ္မ လုပ်ကိုင်စေခိုင်းရန် ချုပ်နှောင်ထားသည်ဟု စွပ်စွဲပြောကြားမှုများရှိနေသည်။

Ref-Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *