၃၀. ၃. ၂၀၂၄
Written By Thandar

အမြင်၊ အကြား၊ ကိုယ်လက်အင်္ဂါနဲ့ ဉာဏ်ရည်နိမ့်ပါးနေပါသော်ငြား တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေ အံ့မခန်းလောက်အောင် လေးစားအားကျအတုယူစရာကောင်းတဲ့ အရည်အသွေးတွေနဲ့ချပြတဲ့ “အေးမေတ္တာ မသန်စွမ်းရိပ်မြုံ”က ကလေးငယ်တွေရဲ့ ပန်းချီနဲ့လက်မှု အနုပညာပြပွဲကို ယနေ့ မတ်လ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အနော်ရထာ ပန်းချီပြခန်းမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်မတို့ လှိုင်သာယာမှာဆိုရင် အေးမေတ္တာကျောင်းကို ရောက်တာ ရာကျော်လောက်ပဲရှိတာပါ။ မြန်မာတစ်ပြည်လုံးမှာ မသန်စွမ်းကလေးတွေက သောင်းနဲ့ချီ သိန်းနဲ့ချီပြီး ရှိကြပါတယ်။ ဒီလို မသန်စွမ်း ကလေးတွေကို ပိုင်ဆိုင်ထားတဲ့ မိသားစုတွေက ကလေးတွေ အိမ်မှာနေနေမယ့်အစား သက်ဆိုင်ရာကျောင်းတွေကို ပို့ ဆောင်ပေးရင် သူတို့ရဲ့ ဘဝလေးတွေ အထူးပညာရေးတွေရလာမယ်။ သူတို့ဟာ လူသားတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်ပြီး အမြင်ကျယ်လာသလို ပျော်ရွှင်စရာဘဝကို ဖြတ်သန်းနိုင်မှာပါ။ မသန်စွမ်းတွေ ပိုင်ဆိုင်ထားတဲ့ မိဘတွေက ကလေးတွေကို သက်ဆိုင်ရာကျောင်းတွေကို ပို့ပေးစေချင်ပါတယ်။ ဒီနေ့ပွဲလေးမှာတော့ ခဲနဲ့ ရေဆေးပန်းချီကိုတော့ ကျောင်းသူလေး နှစ်ယောက်က ရေးဆွဲထားတာပါ။ ကျောက်ပန်းချီလေးတွေကတော့ ကျောင်းသား ကျောင်းသူပေါင်း ၁၃ ယောက်ရေးဆွဲထားကြတာပါ” လို့ မမျိုးမျိုးအေး (အေးမေတ္တာ မသန်စွမ်း ဒုတိယကျောင်းအုပ်)က MT Entertainment ကို ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာတော့ ICCG Vice President ဒေါ်လဲ့လဲ့တင်က အေးမေတ္တာမသန်စွမ်းရိပ်မြုံ ဖြစ်ပေါ်လာ ပုံကို စပ်လျဉ်းပဏာမရှင်းလင်းခြင်း၊ အနော်ရထာပန်းချီပြခန်းရဲ့ ဥက္ကဋ္ဌ ဦးမျိုးသော်က ပြပွဲပြသရခြင်းရဲ့ ရည်ရွယ်ချက်အကြောင်း၊ အေးမေတ္တာ မသန်စွမ်းရိပ်မြုံ အတွင်းရေးမှူး ဦးဌေးလွင်က မသန်စွမ်းသူတွေရဲ့ ဖွံ့ဖြိုးရေးအကြောင်းနဲ့ ဆရာကြီး ဂုဏ်ထူးမြန်မာစာဦးသိန်းနိုင်က မုဒိတာစကားပြောကြားခဲ့ကာ တေးသံရှင် အောင်ကိုကိုနဲ့ တေးသံရှင်ဟိဏ်းသစ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ပြည့်စုံလှတဲ့ ငွေကြယ်ပွင့်လေးများရဲ့ သန်စွမ်းပြောင်မြောက်တဲ့ ပန်းချီနဲ့ လက်မှုအနုပညာတွေကို ယနေ့ မတ်လ ၃၀ ရက်ကနေ လာမယ့် ဧပြီလ ၁ ရက်နေ့အထိ နံနက် ၁ဝ နာရီကနေ ညနေ ၅ နာရီအထိ၂၀၁၉ ခုနှစ်က စတင်ပြီး ၂၀၂၄ ခုနှစ်အတွင်း အချိန်ယူရေးဆွဲခဲ့တဲ့ ကျောက်ပန်းချီကားအချပ် ၈၀ နဲ့ ခဲနဲ့ ရေဆေးပန်းချီ ကားချပ်ရေ ၈၀ စုစုပေါင်း ပန်းချီကားပေါင်း ၁၆၀ ကို ခင်းကျင်းပြသခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့ပြင် RCMY က မသန်စွမ်း ငွေကြယ်ပွင့်လေးများအတွက် ပညာရေးငွေပဒေသာပင် မတည်ပြီး ကျပ်ငွေ ၄,၄၀၀,၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းတည်ထောင်သူ အဖွားဒေါ်ကြင်အေး၊ ကျောင်းအုပ်ကြီး ဒေါ်ခင်ငြိမ်းတင်က လက်ခံရခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *