၃၀. ၃. ၂၀၂၄
Written by Tha Doe

ပြည်တွင်းရွှေစျေးကို စျေးကစားပြီး လေပတ်ကားရောင်းဝယ်တာ၊ ပွဲစားတွေက စျေးဆွဲတင်တာကြောင့် ပြင်ပစျေးကွက်မှာ ရွှေတစ်ကျပ်သား ၄၅ သိန်းခွဲနီးပါးအထိမြင့်တက်လာသလို ဒေါ်လာစျေးကိုလည်း ဆွဲတင်နေတာကြောင့် တစ်ဒေါ်လာ ကျပ် ၃၉၀၀ နီးပါးဖြစ်လာတယ် ကောလာဟလတွေကြောင့် ဗဟိုဘဏ်က ဒီလိုမျိုးရွှေစျေး၊ ငွေစျေး စျေးကစားနေသူတွေကို စုံစမ်းစစ်ဆေးနေပြီဖြစ်သလို အရေးယူမှုတွေကိုပါ ထုတ်ပြန်ပေးမယ်လို့ တရားဝင်သတင်းထုတ်ပြန်လာပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့နဲ့ ဈေးကစားမှုတွေ မဖြစ်စေရေးအတွက် ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအကြား တရားဝင်ရောင်းဝယ်နိုင်ဖို့ FX Market Online Trading Platform ကတစ်ဆင့် ရောင်းချစေတာ၊ FX Market Exchange Rate တွေကို တရားဝင်ကြေညာပေးတာ၊ နိုင်ငံခြားကိုဆေးကုသသွားတာ၊ ပညာတော်သင်သွားတာ၊ ဘုရားဖူးသွားတာ၊ အလုပ်အကိုင်ကိစ္စနဲ့ ထွက်ခွာမယ့်သူတွေအတွက် အသေးသုံးနိုင်ငံခြားငွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ ရောင်းချစေတာတွေကို ဆောင်ရွက်ပေးနေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် Website နဲ့ Central Bank of Myanmar Facebook Page တွေမှာလည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေတဲ့ တရားဝင် Exchange Rate တွေ ကြေညာပေးနေတာပါ။

ဒါပေမဲ့ မကြာခဏ ဈေးကစားလိုသူတွေက နိုင်ငံခြားငွေ Rate အပြောင်းအလဲဖြစ်တော့မယ်ဆိုတာမျိုး၊ ရွှေရောင်းဝယ်မှုတွေကိုလည်း လေပတ်ကားဈေးတွေနဲ့ ကောလဟလ သတင်း ထုတ်လွှင့်တာ၊ နိုင်ငံခြားငွေဈေးနှုန်း၊ ရွှေဈေးနှုန်းတွေကို ပြည်သူလူထု စိုးရိမ် ပူပန်မှု ဖြစ်အောင်ရေးသားပြီး ဈေးကစားနေတာ၊ ပုဂ္ဂိုလ်အချို့ကလည်း ဥပဒေနဲ့မညီဘဲ၊ တရားဝင် ကိုင်ဆောင်ခွင့်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်နေတာတွေ တွေ့နေရတာပါ။ ဒီလို ရောင်းဝယ်ရင်လည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း ကြေညာပြီးသားဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း သက်ဆိုင်ရာ အစိုးရဌာနတွေ၊ ဘဏ်တွေရဲ့ Money Changer ကောင်တာတွေက ထုတ်ပြန်တဲ့ သတင်း အချက်အလက်တွေ၊ Data တွေကိုသာ အမြဲလေ့လာပြီး မှန်ကန်တဲ့ သတင်းအချက်အလက်ကိုသာ ရယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့လည်း ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး မကြာခဏ ဖြေရှင်းချက် ထုတ်ပြန်ပေးနေသလို ရွှေဈေး၊ ငွေဈေးများ ဈေးကစား နေသူတွေကိုလည်း ရရှိထားတဲ့ သတင်းအချက်အလက် အထောက်အထားတွေအရ စုံစမ်းစစ်ဆေးနေပြီဖြစ်လို့ အရေးယူဆောင်ရွက်မှုတွေကိုလည်း ထပ်မံထုတ်ပြန်သွားမယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News