၃၀.၃.၂၀၂၄
Translated by Htwe Ko Tun

အကယ်၍သာ အမေရိကန်အစိုးရက ယူကရိန်းအား အချိန်မီစစ်ရေးထောက်ပံ့မှုမပြုခဲ့ပါက ယူကရိန်းတပ်ဖွဲ့များအနေနှင့် ရုရှားသို့ နယ်မြေများ ထပ်မံပေးအပ်ရဖွယ်ရှိသည်ဟု အမေရိကန် ကွန်ဂရက်သို့ ယူကရိန်းအား ဘီလျံနှင့်ချီသည့်စစ်ရေးအကူအညီပေးရန် ဘီလျံ ၆၀ အတည်ပြုပေးရေး ၎င်း၏ မေတ္တာရပ်ခံချက်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး က မတ်လ ၂၉ ရက်တွင် သတိပေးပြောကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်၏ အမေရိကန်အစိုးရက ယူကရိန်းအတွက် ဒေါ်လာ ဘီလျံ ၆၀ အထောက်အပံ့ ပါဝင်သည့် နိုင်ငံတကာစစ်ရေးအကူအညီ ဒေါ်လာ ၉၅ ဘီလျံကိုကွန်ဂရက်ကအတည်ပြုရေး ကြိုးပမ်းလျက်ရှိသော်လည်း အထက်လွှတ်တော်တွင် အတည်ပြုပြီးနောက် တစ်လကျော်ကြာသည်ထိ အောက်လွှတ်တော်အမတ်များက အတည်ပြုခြင်းမရှိသေးပေ။

သမ္မတ ဇယ်လန်စကီးက အကယ်၍သာ စစ်ရေးအထောက်အပံ့များ လတ်တလောမရရှိခဲ့ပါက ယူကရိန်းနိုင်ငံ၏ အဓိကမြို့ကြီးများမှာ ရန်သူလက်သို့ကျရောက်မည့်အန္တရာယ်ရှိသည်ဟု ပြောခဲ့သည်။

၎င်းက “တကယ်လို့များ အမေရိကန်က အထောက်အပံ့မပေးတော့ဘူးဆိုရင် ကျွန်တော်တို့အတွက် လေကြောင်းရန်ကာကွယ်ရေးဆိုတာ ရှိတော့မှာမဟုတ်ဘူး။ ပက်ထရီယော့ဒုံးကျည်တွေလည်း ရှိတော့မှာ မဟုတ်ဘူး။ အီလက်ထရောနစ်စစ်ဆင်မှုအတွက် တန်ပြန်တိုက်ဖျက်ဟန့်တားမှုတွေပြုနိုင်တော့မှာမဟုတ်ဘူး။ ၁၅၅ မမ အမြောက်ကျည်တွေလည်းကုန်ပြီ။ ဒါဆိုရင်ဗျာ ကျွန်တော်တို့အဖို့ နောက်ဆုံးတစ်ခုပဲ ကျန်တယ်။ ယူကရိန်းတပ်တွေ အဆင့်ဆင့် ပြန်ဆုတ်ပေးဖို့ပေါ့” ဟု ပြောခဲ့သည်။

၎င်းက နမူနာအားဖြင့် ယခုအခါ ရှေ့တန်းစစ်မြေပြင်အတွက် တစ်နေ့လျှင် အမြောက်ကျည် ၈,၀၀၀ ခန့်လိုသော်လည်း ၂,၀၀၀ ခန့်သာသုံးနေနိုင်ကြောင်း ပြောခဲ့သည်။

ထိုကဲ့သို့အခြေအနေက ရုရှားတို့အနေဖြင့် ယူကရိန်းမြို့ကြီးများအား အလွယ်တကူသိမ်းပိုက်နိုင်စေမည် ဖြစ်ကြောင်း၊ နှစ်နှစ်ကျော်ကြာစစ်ပွဲအတွင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်းအတော်များများက ရုရှားတို့လက်ဝယ်သို့ ဗျူဟာအချက်အခြာကျသည့် Avdiivka မြို့မှ ဆုတ်ခွာပေးခဲ့ရကြောင်းလည်း ဇယ်လန်စကီးက ပြောကြားသွားခဲ့သည်။

Ref–CNN

Leave a Reply

Your email address will not be published. Required fields are marked *