၃၀. ၃. ၂၀၂၄
Written by Pan Ei

လိပ်ပြာကားထဲက မင်းသမီးလို့ နာမည်ကြီးပြီး မြန်မာပရိသတ်တွေအကြားမှာ အတော်လေးကို ရေပန်းစားတဲ့ တောင်ကိုရီးယား မင်းသမီး Han So Hee နဲ့ Reply 1988 အပါအဝင် ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Ryu Jun Yeol တို့ဟာ အခုလထဲမှာ သူတို့နှစ်ဦးသားတွဲနေကြပြီလို့ အတည်ပြုခဲ့ကြပေမဲ့ ဒီနေ့ မတ်လ ၃၀ ရက်မှာတော့ ပြတ်စဲသွားကြပြီလို့ မင်းသား Ryu Jun Yeol အေဂျင်စီဘက်က အတည်ပြုလိုက်ပါတယ်။

Han So Hee နဲ့ Ryu Jun Yeol တို့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အဲ့ဒီနောက်နေ့မှာတော့ မင်းသမီး Han So Hee ကိုယ်တိုင် သူမရဲ့ ဘလော့ဂ်မှာ သူမနဲ့ Ryu Jun Yeol နဲ့တွဲနေတာမှန်ကန်ကြောင်း ဝန်ခံခဲ့တာဖြစ်သလို Han So Hee နဲ့ Ryu Jun Yeol တို့ ဟာဝိုင်အီမှာ အတူလျှောက်လည်ခဲ့ကြတဲ့ ပုံတွေကိုလည်း Dispatch က မျှဝေခဲ့ပါသေးတယ်။

Han So Hee နဲ့ Ryu Jun Yeol တို့ တွဲနေတယ်လို့ သတင်းတွေ စတင် ထွက်ပေါ်လာစဉ်တုန်းက Ryu Jun Yeol နဲ့ ၆ နှစ်ကျော်လောက် လူသိရှင်ကြား တွဲခဲ့ကြတဲ့ Hyeri နဲ့ Han So Hee တို့ အွန်လိုင်းပေါ်မှာ စောင်းမြောင်းတင်ခဲ့ကြတာတွေရှိပြီး နောက်ပိုင်းမှာ နှစ်ယောက်စလုံးက ပြန်လည်တောင်းပန်ခဲ့ကြပါတယ်။

တောင်ကိုရီးယားအနုပညာလောကမှာ နာမည်ကြီး မင်းသား မင်းသမီးကြားက အချစ်ရေးသတင်းတွေက ထွက်လေ့ရှိပေမဲ့ ခုလို သုံးပွင့်ဆိုင် ကိစ္စရပ်တွေ လူသိရှင်ကြား ဖြစ်တာကတော့ ရှားပါးပြီး မင်းသမီး နှစ်ယောက်ကြားက မင်းသား Ryu Jun Yeol ကတော့ ဘာမှ ထုတ်ပြန်ခဲ့ခြင်းမရှိသလို အခုလို မင်းသားနဲ့ မင်းသမီးဟာ တွဲပြီး ၂ ပတ်ကြာမှာ ပြတ်စဲသွားတယ်ဆိုတဲ့ Edaily မီဒီယာရဲ့ဖော်ပြချက်ကိုမှ မင်းသားရဲ့ အေဂျင်စီဖြစ်တဲ့ C-JES က စတင် အတည်ပြုပေးခဲ့တာပါ။

ရည်းစားဟောင်းဖြစ်သူနဲ့ ရည်းစားသစ်ဖြစ်သူ မင်းသမီး နှစ်ယောက်က အချစ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ပြောဆို၊ တောင်းပန် စာထုတ်ခဲ့ကြပေမဲ့ နှုတ်ပိတ်နေခဲ့တဲ့ မင်းသား Ryu Jun Yeol ကို ဝေဖန်မှုတွေလည်းရှိခဲ့ပြီး ခုလို ပြတ်စဲတဲ့ သတင်းမှသာ သူ့ဘက်က အရင်အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ပြတ်စဲတဲ့ သတင်းနဲ့ ပတ်သက်ပြီး မင်းသမီး Han So Hee ရဲ့ အေဂျင်စီကတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref; Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

Related News