၃၀. ၃. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဟိုတယ်တစ်ခုမှာ အစ္စရေးသူလျှိုလို့ ယူဆရတဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သူ့ကို လက်နက်တွေပေးဆောင်ခဲ့တယ်လို့ သံသယရှိသူ မလေးရှား လင်မယားနဲ့ တခြားတစ်ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သေနတ်ခြောက်လက်နဲ့ ကျည်ဆံ ၂၀၀ ပါဝင်တဲ့ အိတ်တစ်လုံးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားဟာ မတ်လ ၁၂ ရက်က ယူအေအီးနိုင်ငံကနေ ကွာလာလမ်ပူလေဆိပ်ကို ပြင်သစ်နိုင်ငံကူးလက်မှတ်အတုနဲ့ ရောက်ရှိလာခဲ့တာလို့ ရဲအရာရှိ ရာဇာရုဒင် ဟုစိန်က သောကြာနေ့နှောင်းပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဲ့ဒီအမျိုးသားဟာ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းပြီးနောက်မှသာ အစ္စရေးနိုင်ငံကူးလက်မှတ်ကို ပြောင်းလဲပြသခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒါကြောင့် အဲ့ဒီအမျိုးသားကို အစ္စရေးထောက်လှမ်းရေးအဖွဲ့ဝင်ဖြစ်နိုင်ခြေ ရှိ မရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ရာဇာရုဒင်က ပြောကြားခဲ့ပေမဲ့ သံသယရှိသူက မိသားစုအငြင်းပွားမှုကြောင့် တခြားအစ္စရေးနိုင်ငံသားတစ်ဦးကို လိုက်လံဖမ်းဆီးဖို့ မလေးရှားကို ရောက်ရှိလာခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် “ဒီဇာတ်ကြောင်းကို ကျွန်တော်တို့ အပြည့်အဝ ယုံကြည်လို့ မရပါဘူး”လို့ ရာဇာရုဒင်က ပြောကြားခဲ့သလို ထိန်းသိမ်းခံထားရတဲ့ အမျိုးသားဟာ မလေးရှားမှာ နေထိုင်စဉ်အတွင်း ဟိုတယ်အများအပြားကြားမှာ ပြောင်းလဲ တည်းခိုခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အိမ်ထောင်သည်ဇနီးမောင်နှံ အပါအဝင် မလေးရှားနိုင်ငံသား သုံးဦးကိုလည်း အစ္စရေးစပိုင်လို့ သံသယရှိသူကို လက်နက်တွေ ပေးဆောင်ကာ ယာဉ်မောင်းအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ သံသယရှိတာကြောင့် မနေ့က ဖမ်းဆီးခဲ့ပြီး လင်မယားနှစ်ယောက်ပိုင် ကားတစ်စီးကနေလည်း ပစ္စတိုသေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မလေးရှားဘုရင်၊ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တခြားအဆင့်မြင့်ပုဂ္ဂိုလ်တွေအတွက် လုံခြုံရေး တိုးမြှင့်ထားကာ အဆိုပါ အမျိုးသားကို ဖမ်းဆီးပြီးနောက် အာဏာပိုင်တွေက လုံခြုံရေးအတွက် ပြင်းထန်စွာ သတိပေးထားပါတယ်။

မွတ်ဆလင်အများစုရှိတဲ့နိုင်ငံဖြစ်တဲ့ မလေးရှားဟာ ပါလက်စတိုင်းတွေကို အပြည့်အဝထောက်ခံတဲ့နိုင်ငံဖြစ်ပြီး ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့လုပ်ရပ်တွေကို ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် မလေးရှားဟာ ပါလက်စတိုင်း ဒုက္ခသည် ၆၀၀ လောက် နေထိုင်ရာ နေရာဖြစ်တယ်လို့လည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောကြားထားပါသေးတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *