မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်နှင့်တွေ့ဆုံမေးမြန်းခြင်း

၁၁. ၁၂. ၂၀၂၂
Written by Ye Kyaw

မြန်မာနိုင်ငံရဲ့ ရော်ဘာထုတ်လုပ်မှုဧကဟာ သီရိလင်္ကာနိုင်ငံနဲ့နှိုင်းယှဥ်ရင် နှစ်ဆကျော်ပို၍များပေမဲ့လည်း လက်ရှိ ‌ရော်ဘာတင်ပို့မှုက ရရှိတဲ့ဝင်ငွေက ပြောင်းပြန်အချိုးကျနေပြီး သီရိလင်္ကာနိုင်ငံနဲ့နှိုင်းယှဥ်ရင် မြန်မာနိုင်ငံရဲ့ ရော်ဘာဝင်ငွေရရှိမှုဟာ နှစ်ဆကျော်နည်းနေပါတယ်။

ဒါ့အပြင်လည်း မြန်မာနိုင်ငံရဲ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဥ်ရင် လိုအပ်ချက်များစွာလည်း ရှိနေသေးတာဖြစ်ပါတယ်။ အရည်အသွေးနဲ့ စံချိန်စံညွှန်းတွေ မပြည့်မီတာက နိုင်ငံတကာစျေးကွက် ထိုးဖောက်ရာမှာ အားနည်းချက်တစ်ခုအဖြစ်ရှိနေပြီး ဒီလို ဈေးနှုန်းရရှိမှုကွာဟချက်ကြောင့် တရားမဝင် မှောင်ခိုဈေးကွက်ကနေ ပြည်ပကို အမြောက်အမြားစီးထွက်နေတာကိုလည်း ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အခြေအနေတွေကို တာဝန်ရှိသူတွေသိရှိစေဖို့ MT News သတင်းဌာနက မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်နဲ့ မေးမြန်းခဲ့တာတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

MT News ။ ။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဦးခိုင်မြင့် ။ ။လက်ရှိစိုက်ပျိုးထုတ်လုပ်တဲ့ အခြေအနေကတော့ တစ်နိုင်င်ငံလုံးပေါ့နော်။ စိုက်ပျိုးပြီးတဲ့ဧကပေါ့။ အားလုံးဆိုရင် ၁၆၄၀၀၀၀ လောက်ရှိတယ်။ လက်ရှိထုတ်လုပ်ဧက ရှစ်သိန်းခွဲကျော်ကျော်လောက် ထုတ်လုပ်နေတာ။ ထုတ်လုပ်မှုတန်ချိန်ကတော့ တစ်နှစ်ကို လေးသိန်းလောက် ထုတ်လုပ်တယ်။

MT News ။ ။ လက်ရှိပြည်ပဈေးကွက် အခြေအနေကိုလည်း ရှင်းပြပေးပါ။

ဦးခိုင်မြင့် ။ ။ပြည်ပဈေးကွက်က ပြောရမယ်ဆိုရင်တော့ ဒီနှစ်မှာ ဈေးတွေကတော့ တော်တော်လေးကို ကျတယ်။ မနှစ်တုန်းကတောင်မှ တစ်တန်ကို US ဒေါ်လာ ၂၀၀၀ ပတ်ဝန်းကျင်နဲ့ သွားနေတာပေါ့နော်။ ဒီနှစ်မှာ အခုဆိုလို့ရှိရင် ၁၅၀၀ ဝန်းကျင်လောက်အထိကျတယ်။ ၁၅၀၀ ဝန်းကျင်လောက် ဖြစ်လာတယ်ပေါ့နော်။ ဒီရက်ပိုင်းမှာတော့ နည်းနည်းလေးပြန်တက်တယ်။

MT News ။ ။ ပြည်ပတင်ပို့မှုက ရရှိတဲ့ဝင်ငွေပမာဏ ဘယ်လောက်,လောက်ရှိလဲ။

ဦးခိုင်မြင့် ။ ။ ၂၀၂၀-၂၀၂၁ အထိကို တန်ချိန် သုံးသိန်းကျော် တင်ပို့ထားတယ်။ နိုင်ငံခြား ဝင်ငွေကတော့ ဒေါ်လာသန်း ၄၅၀ လောက်ရှာထားနိုင်တယ်။

MT News ။ ။ ရော်ဘာကို ဘယ်နိုင်ငံတွေကို တင်ပို့နေလဲ။ အများဆုံး ဝယ်ယူတဲ့နိုင်ငံကရော ဘယ်နိုင်ငံလဲ။

ဦးခိုင်မြင့် ။ ။အဓိကတော့ ရော်ဘာတင်ပို့နေတဲ့ နိုင်ငံတွေကတော့ ၇၅ ရာခိုင်နှုန်းလောက်က တရုတ်နိုင်ငံကို တင်ပို့တာပေါ့နော်။ ကျန်တာတွေကတော့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ အဲဒါတွေကို တင်ပို့နေပါတယ်။

MT News ။ ။ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေမှာ ရော်ဘာအများဆုံး စိုက်ပျိုးထားတာလဲ။

ဦးခိုင်မြင့် ။ ။ နံပါတ်တစ် အများဆုံးက မွန်ပြည်နယ်၊ နံပါတ်နှစ်ကတော့ တနင်္သာရီတိုင်း၊ နံပါတ်သုံးက ကရင်ပြည်နယ်၊ ကျန်တာက ပဲခူးနဲ့ ရန်ကုန်ပေါ့။ အဲဒီနောက်မှာ ဧရာဝတီပေါ့။ ကျန်တာက ရှမ်းပြည်နယ်မှာလည်း တော်တော်များများ စိုက်ထားတယ်။ ကချင်စိုက်တယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်မှာစိုက်တယ်။

MT News ။ ။ တစ်နှစ်ကို ပြည်တွင်းမှာ ရော်ဘာတန်ချိန် လေးသိန်းလောက်ထွက်တယ်ဆိုတော့ ဒီပမာဏထဲကနေ ပြည်တွင်းမှာ ဘယ်လောက်သုံးနေလဲ။

ဦးခိုင်မြင့် ။ ။ ပြည်တွင်းမှာသုံးတာက ရှစ်ရာခိုင်နှုန်းဆိုတာတောင် များနေသေးတယ်။ ခန့်မှန်းခြေ ရှစ်ရာခိုင်နှုန်းလောက်ပဲရှိတာပေါ့။ ၉၂ ရာခိုင်နှုန်းကတော့ ပြည်ပတင်ပို့နေတာပါ။

MT News ။ ။ ‌ပြည်တွင်းမှာ ထွက်ရှိတဲ့ရော်ဘာကို မှောင်ခိုတင်ပို့မှုတွေရှိတယ်လို့ ကြားတယ်။ အဲဒီအခြေအနေကိုရော ပြောပေးပါ။

ဦးခိုင်မြင့် ။ ။မှောင်ခိုလမ်းကြောင်းက အနည်းအကျဥ်းမဟုတ်ဘူး။ တစ်နှစ်တစ်နှစ်ကို ပြည်တွင်းမှာ တန်ချိန်လေးသိန်းလောက် ထွက်တဲ့အထဲမှာ တရားဝင်သွားတာ သုံးသိန်းလောက်ပဲဆိုတော့ တန်ချိန် တစ်သိန်းနီးပါးလောက်ကတော့ တရားမဝင်တင်ပို့တဲ့ လမ်းကြောင်းကနေ သွားနေတဲ့ အခြေအနေရှိတာပေါ့။

MT News ။ ။ ပြည်ပတင်ပို့တဲ့ ဈေးကွက်ရှိနေလျက်နဲ့ မှောင်ခိုသွားနေရတဲ့ အကြောင်းအရင်းကရော ဘာလို့ပါလဲ။

ဦးခိုင်မြင့် ။ ။ အဓိကတော့ တရားမဝင်လမ်းကြောင်းတွေက သွားနေတဲ့ပြသနာက ဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ရော်ဘာက နိုင်ငံခြားကို တင်ပို့တဲ့အခါမှာ နိုင်ငံတကာပေါက်ဈေးထက်ကို တစ်တန်ကို ဒေါ်လာ ၄၀၀ လောက် လျှော့ရောင်းရတယ်။ လျှော့ရောင်းရတဲ့ ပြသနာက ဘာလဲဆိုတော့ အရည်အသွေးပေါ့နော်။ စံချိန်စံညွှန်းနဲ့မညီတာပေါ့။ အိမ်နီးချင်းနိုင်ငံတွေက ဈေးပိုရနေတာ။ ကျွန်တော်တို့က ဈေးနည်းနေတဲ့အခါကျတော့ သူတို့ပိုရတဲ့ဈေးကို သူတို့က ဒေါ်လာ ၄၀၀ လောက်ပိုရတယ်။ ကျွန်တော်တို့ဆီကို ဒေါ်လာ ၁၀၀ လောက်သုံးပြီး ကျွန်တော်တို့ပစ္စည်းတွေကို ပိုပေးပြီး ဝယ်လိုက်တယ်။ သူတို့က အရည်အသွေးကောင်းအောင်ပြန်လုပ်ပြီးတော့ သူတို့က ဒေါ်လာ ၁၀၀၊ ၂၀၀ လောက် ပိုပြီးတော့ ရတာပေါ့နော်။ မှောင်ခိုကတော့ ဈေးပိုရနေတဲ့အတွက် သွားနေအုံးမှာပဲ။ ဟိုဘက်ပို့ရင်လည်း ဒီဈေးပဲ။ ဒီမှာရောင်းရင်လည်း ဒီဈေးပဲ ဆိုတဲ့ အချိန်မျိုးမှ မှောင်ခိုဆိုတာ ပပျောက်သွားမှာ။ မှောင်ခိုဆိုတာကြီးက မနေ့တစ်နေ့ကမှ ပေါ်လာတာမဟုတ်ဘူး။ ဒါက မဆလခေတ်ကတည်းက မှောင်ခိုဆိုတာ တစိုက်မတ်မတ်ဖြစ်လာတာ ဒီနေ့ထိပဲလေ။ ဒီဘက်မှာ ပိုရတဲ့ပစ္စည်းဆို ဟိုဘက်ကနေမှောင်ခိုသွင်းမှာပေါ့။ ဟိုဘက်မှာဈေးပိုရတယ်ဆိုရင် ဒီဘက်ကနေသွင်းမှာပေါ့။ ဘာလို့လဲဆိုတော့ တရားဝင်တင်ပို့တဲ့အခါမှာ ထိုင်းနိုင်ငံကို ကျွန်တော်တို့နိုင်ငံကနေ ရော်ဘာကို တရားဝင်တင်ပို့လို့မရဘူး။ ဘာကြောင့် တင်ပို့လို့မရဘူးလဲဆိုတော့ ထိုင်းနိုင်ငံက ကမ္ဘာပေါ်မှာ ရော်ဘာ အမြင့်ဆုံးထုတ်လုပ်တဲ့ တိုင်းပြည်ပဲ။ သူ့ရဲ့တစ်နှစ်တစ်နှစ် ထုတ်လုပ်တဲ့တန်ချိန်က ၄ ဒသမ ၈ သန်းလောက်ရှိတယ်။ အဲဒီတော့ သူတို့နိုင်ငံက ရော်ဘာတွေကို သူတို့တွေကလည်း ၉၀ ရာခိုင်နှုန်းလောက်က Export သွားရတာပဲ။ ကျွန်တော်တို့နိုင်ငံက ရော်ဘာကို ရော်ဘာထုတ်လုပ်တဲ့နိုင်ငံတွေက သူတို့နိုင်ငံထဲကို Import ပေးသွင်းလို့ရှိရင် သူတို့နိုင်ငံက တောင်သူတွေ ထိခိုက်နစ်နာမယ်။ သူတို့က ဥပဒေတွေဘာတွေနဲ့ ပြဋ္ဌာန်းပြီးတော့ သူတို့နိုင်ငံထဲကို ပြည်ပက ရော်ဘာလုံးဝအဝင်မခံဘူး။ တရားဝင်ရောင်းလို့မရဘူး။ တရားမဝင်သွားတဲ့အခါမှာ ပြသနာတွေက ဘာတွေလဲဆိုတော့ ထိုက်သင့်တဲ့ဈေးနှုန်းမရတာ တစ်ချက် နောက်ပြီးတော့ တရားမဝင်သွားတဲ့အတွက် ကုန်သွယ်မှုမှာ အန္တရာယ်တွေများတယ်။ ဥပမာ လိမ်တာတို့ ဘာတို့ ဆုံးရှုံးမှုတွေ ဖြစ်နိုင်တယ်။ အဲဒီအခါမျိုးကြရင် ကျွန်တော်တို့အနေနဲ့ ဖြေရှင်းဖို့ကြတော့ ဘယ်လိုမှ ဖြေရှင်းလို့မရဘူး။ ဒါကတရားမဝင်လုပ်တဲ့ကိစ္စတွေဖြစ်တယ်ပေါ့။ နောက်တစ်ချက်က တရားမဝင်သွားတဲ့အတွက် နိုင်ငံတော်ရဲ့ ရသင့်ရထိုက်တဲ့ အခွန်အခတွေမရဘူးပေါ့။

MT News ။ ။ တရားမဝင်မှောင်ခိုလမ်းကြောင်းကနေ ဘယ်နိုင်ငံတွေကို အများဆုံးသွားနေလဲ။

ဦးခိုင်မြင့် ။ ။မှောင်ခိုကတော့ လက်ရှိ တရုတ်ကိုသွားဖို့အတွက်ကြတော့ အဲဒီဘက်ကိုသွားတာ အမြောက်အမြားတော့မရှိဘူး။ ရှိတော့ရှိတယ်။ ဘာလို့လဲဆိုတော့ စရိတ်တွေတအားကြီးမြင့်တယ်လေ။ ရော်ဘာအများဆုံးထွက်တဲ့ မွန်ပြည်နယ်ကနေ တရုတ်နိုင်ငံနယ်စပ် ချင်းရွှေဟော်တို့ မူဆယ်တို့ကို ပို့ရမယ်ဆိုရင် သယ်ယူပို့ဆောင်ရေးစရိတ်က တအားမြင့်တာ။ လက်ရှိကတော့ ထိုင်းဘက်သွားတယ်။ မလေးရှားဘက်သွားတယ်။ အဲဒီကို သွားနေကြတာပေါ့။

MT News ။ ။ တရားဝင်တင်ပို့မှုမှာကျတော့ ဘယ်နိုင်ငံကို အများဆုံးတင်ပို့ထားလဲ။

ဦးခိုင်မြင့် ။ ။ တရားဝင်တင်ပို့တာက တရုတ်ကို ၇၅ ရာခိုင်နှုန်းလောက်သွားတယ်။ ဒါက ကျွန်တော်တို့နိုင်ငံတင်မဟုတ်ပါဘူး။ ကမ္ဘာ့ရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေအားလုံးကလည်း တရုတ်နိုင်ငံကို အများဆုံးတင်ပို့တာပါပဲ။ နယ်စပ်က သွားတာရှိသလို ပင်လယ်ရေကြောင်းကလည်း သွားတာရှိတယ်။

MT News ။ ။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ရော်ဘာတွေ နိုင်ငံတကာဈေးကွက်ကို တင်ပို့တဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ။

ဦးခိုင်မြင့် ။ ။ ကျွန်တော်တို့နိုင်ငံက ထုတ်လုပ်နေတာက အဓိကကခြံငယ်ရှင် Small Holder တွေက ၉၂ ရာခိုင်နှုန်းလောက်ရှိတာ။ သူတို့က တစ်ခြံတစ်မျိုး ထုတ်လုပ်နေတဲ့အခါကျတော့ ထုတ်လုပ်မှုတွေအနေနဲ့ မတူညီဘူးပေါ့နော်။ အရည်သွေးကောင်းတဲ့ဟာက ကောင်းတယ်။ ညံ့တဲ့ဟာက ညံ့တယ်။ ခြံငယ်ရှင်တွေက တစ်ခြံတစ်မျိုးထုတ်လုပ်နေကြတော့ အဲလိုဖြစ်နေကြတာ။ တကယ်တမ်း နိုင်ငံတကာပေါက်ဈေးရဖို့အတွက်ဆိုတာ အချက်အလက်တွေအများကြီး ကိုက်ညီဖို့လိုတယ်။ အဓိက နိုင်ငံတကာပေါက်ဈေးရဖို့အတွက်က နံပါတ်တစ်ကတော့ အရည်အသွေးပေါ့ အရည်အသွေး စံချိန်စံညွှန်းပြည့်မီဖို့။ အရည်အသွေး စံချိန်စံညွှန်းမီပြန်တော့လည်း အရည်အတွက်ရဖို့အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ တာယာစက်ရုံကြီးတွေက တိုက်ရိုက်ဝယ်တဲ့အခါမှာ အရည်အသွေးကို တစ်ခါဝယ်ရင်တစ်မျိုး တစ်ခါဝယ်ရင်တစ်မျိုး မဖြစ်ရဘူးပေါ့နော်။ အားလုံးတူညီရမယ် အဲဒီအတွက် တစ်ခြံတစ်မျိုးထုတ်နေတဲ့အခါကျတော့ အရည်အသွေးတွေက တစ်ခါပို့တာနဲ့တစ်ခါပို့တာ မတူဘူး။ မတူတဲ့အတွက် သူတို့တာယာထုတ်တဲ့ဆီမှာ လုပ်တဲ့အခါ အရည်အသွေးတစ်မျိုးကို ဖော်မြူလာတစ်မျိုး ပြောင်းပြောင်းပြီး လုပ်နေရတဲ့အခါကျတော့ စရိတ်တွေမြင့်တယ် တွက်ခြေမကိုက်ဘူး။ အရည်အသွေးလည်း ကောင်းမယ်။ အရည်အတွက်ကိုပါ အာမခံပြီးရောင်းရတာ တာယာစက်ရုံတွေဆိုတာက။ ဥပမာ တစ်လကို တန်ချိန် ၅၀၀ ရောင်းရမယ်။ တစ်နှစ်ပတ်လုံး စာချုပ်ချုပ်ပြီးရောင်းရတယ်။ တန်ချိန် ၅၀၀ မပြည့်တဲ့လတွေဆိုလို့ရှိရင် လျော်ရတယ်။ ကိုယ့်ဆီကမရလို့ တခြားဆီဝယ်ရတဲ့အတွက် အဲဒီကုန်ကျစရိတ်တွေရော ဘာတွေရော ထည့်ပေါင်းပြီးတော့ လျော်ရတယ်။ အဓိက အဲ့လိုတွေဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့ဆီက ပစ္စည်းကိုဝယ်တဲ့အခါမှာ အရည်အသွေးရော အရေအတွက်ရော သူတို့လိုသလို မရတဲ့အခါမှာ နိုင်ငံတကာပေါက်ဈေးထက် ဒေါ်လာ ၃၀၀၊ ၄၀၀ လျှော့ဝယ်တယ်။ တိုက်ရိုက်သုံးလို့မရဘဲ သူတို့ဆီမှာ အရည်အသွေး အားလုံးတူညီအောင်ဆိုပြီးတော့ ပြန်ပြုပြင်ယူရတဲ့စရိတ်တွေ တက်တာပေါ့နော်။

MT News ။ ။ ဒီလိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာ့ရော်ဘာအတွက် နိုင်ငံတကာ ပေါက်စျေးအတိုင်း ရရှိအောင်ဘယ်လိုဆောင်ရွက်သင့်လဲ။ လက်ရှိမှာရော ဘယ်လိုဆောင်ရွက်နေလဲ။

ဦးခိုင်မြင့် ။ ။ နိုင်ငံတကာပေါက်ဈေးအတိုင်း ရဖို့အတွက်ကို ကျွန်တော်တို့အသင်းအနေနဲ့ လုပ်လာတာ ၁၀ နှစ်ကျော်ပြီပေါ့နော်။ နိုင်ငံတကာအကူအညီတွေနဲ့လည်း ကျွန်တော်တို့လုပ်တယ်။ ဂျပန်၊ တရုတ် အကူအညီတွေနဲ့လည်း ကျွန်တော်တို့ လုပ်ကြတဲ့အခါကျတော့ အရည်အသွေးပိုင်းအနေနဲ့ ပြောရမယ်ဆိုရင် အောင်မြင်မှုက ၃၀ ရာခိုင်နှုန်းလောက်တော့ အောင်မြင်တာပေါ့။ ဟိုတုန်းက ပြည်တွင်းမှာ ရော်ဘာဝယ်တဲ့အခါမှာ အရည်သွေးကောင်းတဲ့ပစ္စည်း တစ်ပေါင်ကို ပိုရမှတစ်ဆယ်၊ နှစ်ဆယ် အဲဒီလိုပိုရတာပေါ့။ညံ့တဲ့ဟာကလည်း ဒီလောက်ပဲ။ ၂၀ လောက်ပဲ လျှော့တဲ့အခါကျတော့ အရည်အသွေးကောင်းရင်တောင် ကျွန်တော်တို့ ဈေးတန်းတစ်တန်း မကွဲပြားတဲ့အခါကျတော့ ခြံငယ်ရှင်တွေက သူတို့က ဘာထူးလဲ နွားထီး ငါးကျပ် နွားမ ငါးကျပ် အရည်အသွေးကောင်းအောင် လုပ်လို့ရှိရင် စရိတ်တွေလည်း တက်တယ် လူလည်းပင်ပန်းသေးတယ်ပါ့။ အာမခံစနစ်တွေကလည်း မရှိတဲ့အတွက်ကြောင့်မို့ စိတ်မဝင်စားကြဘူး။ ကျွန်တော်တို့ လုပ်ရင်းလုပ်ရင်းနဲ့ အခုဆို ဈေးတန်းကွဲသွားတာပေါ့နော်။ ဈေးက အခုဆို တစ်ပေါင်ကို ၁၀၀ နဲ့ ၁၅၀ လောက်ကွာသွားပြီ။ အရည်သွေးကောင်းတာက တစ်ပေါင်ကို ၁၀၀ နဲ့ ၁၅၀ လောက် ပိုရလာတဲ့အတွက်ကြောင့်မို့ အခုနောက်ပိုင်းမှာ ခြံငယ်လေးတွေကအစ အရည်အသွေးပိုင်း ကောင်းကောင်း ထုတ်လုပ်တာကို တော်တော်လေးစိတ်ဝင်စားပြီးတော့ လိုက်လုပ်လာတယ်။ ဒါပေမဲ့ အောင်မြင်မှုအနေနဲ့ကတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲရှိတာပေါ့။ တကယ်တမ်း ထိထိရောက်ရောက် အောင်မြင်ဖို့အတွက်ပေါ့နော် နိုင်ငံတော်ရဲ့ ပံ့ပိုးမှုတွေ အများကြီးလိုတယ်။

MT News ။ ။ ရော်ဘာကဏ္ဍတိုးတက်ဖို့အတွက် နိုင်ငံတော်က ဘယ်လိုကူညီပံ့ပိုးမှုတွေ လုပ်ပေးသင့်တယ်လို့ ယူဆပါလဲ။

ဦးခိုင်မြင့် ။ ။ ကျွန်တော်တို့နိုင်ငံမှာ ဌာနပေါ့နော် ‌ရော်ဘာကို တစိုက်မတ်မတ်လုပ်ပေးမယ့် ဌာနကြီးတစ်ခုလိုပါတယ်။ အရင်တုန်းက ရှိခဲ့တယ်။ မြန်မာ့နှစ်ရှည်ပင်ဌာနကြီးကနေ ရော်ဘာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို သီးခြားဌာနကြီးအနေနဲ့ ညွှန်ပြနိုင်တာပေါ့နော်။ အဲဒီမှာ ဝန်ထမ်းရော ပညာရှင်ရော အများကြီးမွေးထုတ်ရတယ်။ ရော်ဘာက ဒီအတိုင်းလုပ်လို့မရဘူး။ သုတေသနတွေလုပ်ရတာရှိတယ်။ ရော်ဘာသုတေသနဌာနတို့ ဘာာတို့ဆိုတာလိုအပ်တယ်။ အဲဒါတွေ ထူထောင်ဖို့အတွက်က နိုင်ငံတော်က လုပ်မှရမယ်လေ။ ကျွန်တော်တို့လုပ်လို့မရဘူး။ အဲဒါတွေအထိ သွားဖို့ကတော့ နိုင်ငံတော်ရဲ့ အပြည့်အဝပံ့ပိုးဖို့အတွက်ကို ဒီဌာနကြီးတစ်ခု ပြန်လည်ဖွဲ့စည်းဖို့အတွက် လိုအပ်တာပေါ့နော်။ အဲဒါမှ ရော်ဘာကို မျက်ခြေမပြတ် အနီးကပ်ပံ့ပိုးကူညီပြီးတော့ မောင်းနှင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ရော်ဘာတွေသည် ခုနကပြောသလို နိုင်ငံတကာ ပေါက်ဈေးနဲ့ တစ်တန်းတည်း ရလာလို့ရှိရင် အဲဒီအချိန်မှာ မှောင်ခိုဆိုတာ ပို့ပါလို့ပြောရင်တောင် မပို့တော့ဘူး။

MT News ။ ။ လက်ရှိမှာ အသေးစား၊ အလတ်စားလုပ်ငန်း အရေအတွက်ကရော ဘယ်လောက်ရှိလဲ။

ဦးခိုင်မြင့် ။ ။ အလတ်စားလုပ်ငန်းက ခြံကြီးပေါ့ ခြံကြီးက ရှစ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျန်တာက ခြံအသေး။ အဲ့ဒါက ၉၂ ရာခိုင်နှုန်းလောက်ရှိတယ်။

MT News ။ ။ ကိုဗစ်-၁၉ ချေးငွေ ထုတ်ချေးထားတာတွေရှိတယ်။ ‌ရော်ဘာကဏ္ဍကရော ဘယ်လောက်ရရှိထားလဲ။

ဦးခိုင်မြင့် ။ ။ ရော်ဘာကဏ္ဍကမရပါဘူး။ ဘယ်တုန်းကမှမရခဲ့ဘူး။

MT News ။ ။ လက်ရှိနစကအစိုးရတာဝန်ယူချိန်မှာ MSME လုပ်ငန်းတွေအတွက် ချေးငွေထုတ်ချေးဖို့ စီစဥ်နေတာတွေရှိတယ်။ ရော်ဘာကဏ္ဍကနေ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားလဲ။

ဦးခိုင်မြင့် ။ ။ နှစ်ရှည်ပင်တွေအတွက်ကတော့ ချေးငွေကိုထုတ်ပေးမယ်လို့တော့ မူဝါဒတော့ရှိတယ်။ ဒါပေမဲ့ ဘယ်လိုဘယ်ပုံထုတ်ပေးရမယ်ဆိုတာ နည်းနည်းပြသနာရှိတယ်။ ချေးငွေဆိုတာက ချေးငွေပေးရင် သူတို့သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံရမယ် ။ အဲဒီအခြေအနေမျိုးရှိတယ်။ ကျွန်တော်တို့ ရော်ဘာမှာကျတော့ ပိုင်ဆိုင်မှုမှန်ကန်မှုရှိဖို့အတွက် အစိုးရရဲ့ ဥပဒေထဲကပေါ့။ ပိုင်ဆိုင်မှုမှန်ကန်ရမယ်တို့ နောက်ပြီးတော့ ချေးငွေပေးတဲ့အခါမှာ မီးအာမခံတို့ဘာတို့ ဒါတွေလိုအပ်တယ်။ နောက်ပြီးတော့ အခွန်ဆောင်ထား မဆောင်ထား အများကြီးပဲ။ အဲဒါတွေ ပြည့်စုံဖို့အတွက်ကတော့ ကျွန်တော်တို့ ရော်ဘာကဏ္ဍမှာ လိုအပ်နေသေးတယ်။

MT News ။ ။ ပြည်တွင်း ရော်ဘာကဏ္ဍနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရပိုင်းကို ဘာများအကြံပြုချင်ပါလဲ။

ဦးခိုင်မြင့် ။ ။ ခုနကကျွန်တော်ပြောတာပေါ့။ ဌာနကြီးတစ်ခုဖွဲ့ဖို့ လိုတယ်။ လက်ရှိ သီရိလင်္ကာနိုင်ငံနဲ့ နှိုင်းယှဥ်ပြီးပြောရင် သီရိလင်္ကာနိုင်ငံက ရော်ဘာထုတ်လုပ်တဲ့ဧကက သုံးသိန်းပဲရှိတယ်။ ဒါပေမဲ့ သူ့နိုင်ငံရဲ့ ရော်ဘာတင်ပို့မှုကနေ ရတဲ့ဝင်ငွေက ဒေါ်လာတစ်ဘီလျံရှိတယ်။ သီရိလင်္ကာနိုင်ငံမှာ DG ဦးစီးပြီးတော့ ရော်ဘာကဏ္ဍသီးသန့်ဌာနကြီးတစ်ခု ဖွဲ့စည်းပြီးတော့ အပြည့်အဝပေါ့နော်။ အကူအညီပေးနေတဲ့အတွက် မျက်ခြေမပြတ်ဘဲ သေသေချာချာ ဂရုစိုက်လုပ်တဲ့အခါကျတော့ သူတို့ဘက်က တိုးတက်မှုတွေရှိလာတာပေါ့။ ကျွန်တော်တို့ဘက်မှာလည်း အဲဒီလိုပံ့ပိုးမှုတွေ လိုအပ်ပါတယ်။

အခုလို MT News ရဲ့ မေးမြန်းမှုတွေကို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News