MGR ဟိုတယ်တွင်ဖြစ်ပွားသည့် အခန်းတွင်းမီးလောင်မှုကို မီးသတ်ဦးစီးဌာနမှ လာရောက်ငြိမ်းသတ်နေသည့်မြင်ကွင်း တွေ့ရစဥ်

၁၂. ၁၂. ၂၀၂၂

Written by Naing Thuta

MGR ဟိုတယ်တွင် အမျိုးသမီးတစ်ဦးတည်းခိုနေသည့်အခန်းမှ ဆံပင်လေမှုတ်စက်(Hair Dryer)အား အသုံးပြုပြီး ဖွင့်ထားခဲ့ရာမှ အပူလွန်ကဲကာ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်ရှိ ” MGR ” ဟိုတယ်၏ တတိယလွှာ၊ အခန်းအမှတ်(၃၀၁) တွင် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတည်းခိုနေသည့်အခန်း၌ ဆံပင်လေမှုတ်စက်(Hair Dryer )အား အသုံးပြုပြီး ဖွင့်ထားခဲ့ရာမှ အပူလွန်ကဲကာ ဝါယာရှော့ခ် ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တစ်ယောက်ထဲလာတည်းတဲ့ အမျိုးသမီးတစ်ဦးရဲ့အခန်းမှာ လောင်တာပါ။ အဲဒီအမျိုးသမီးက တတိယအလွှာမှာ တည်းနေတာဖြစ်ပြီး ရေချိုး၊ ခေါင်းလျှော်ပြီးလို့ Hair Dryer အသုံးပြုပြီးတော့ ပြန်ပိတ်ဖို့မေ့သွားတာဖြစ်မယ်။ အဲဒီကနေ အပူလွန်ကဲပြီး လောင်ကျွမ်းတာပါ။ မီးခိုးတွေ တော်တော်အူထွက်လာတာပဲ။ အဲကွန်းနဲ့ TV တော့ မီးလောင်သွားတယ်” ဟု MGR ဟိုတယ်၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါမီးလောင်မှုကို မီးသတ်ဦးစီးဌာနမှ Level- 1 ယာဉ်အုပ်စုဖြင့် မီးငြိမ်းသတ်ယာဉ် (၅) စီး၊ အုပ်ချုပ်မှုယာဉ် (၃) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၀) ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၃၀) ဦးတို့နှင့် ရပ်ကွက်နေပြည်သူများမှလည်း ဝိုင်းဝန်းငြှိမ်းသတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် နံနက် ၉ နာရီ ၄၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၄၁ မိနစ်ခန့်၌ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီးမီသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် အခန်းအတွင်းရှိ ၃၂ လက်မ TV (၁)လုံး မီးလောင်ကျွမ်းပြီး အပူရှိန်ကြောင့် အဲယားကွန်း(၁)လုံး အရည်ပျော်ပျက်စီး ဆုံးရှုံးသွားခဲ့သော်လည်း လူနှင့်အဆောက်အဦအား ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

ထိုဖြစ်စဥ်အတွက် ပေါ့ဆစွာအသုံးပြု၍ မီးလောင်မှုဖြစ်ပွားအောင် ပြုလုပ်ခဲ့သည့် အဆိုပါအမျိုးသမီးအား အမှတ် (၈) မြို့မရဲစခန်းမှ (ပ) ၂၆၂/၂၀၂၂၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *