MT News Editorial

မျှော်လင့်ချက်များစွာဖြင့် အသက်ရှင်တတ်သော၊ မျှော်လင့်ချက်ကြောင့်ပင် ကြိုးစားအားထုတ်မှုများစွာကို ဖြစ်စေတတ်သော လူသားကမ္ဘာတွင် လူသားများ၏ မျှော်လင့်ချက်ကြောင့် ဆင့်ကဲတိုးတက်ကာ ဖွံ့ဖြိုးတိုးတက်မှုများစွာ ဖြစ်ပေါ်လာခဲ့ရပေသည်။

ထို့အတူ မျှော်လင့်ချက်များမှားယွင်းခြင်းနှင့် မျှော်လင့်ချက်အမှားများကို ယုံစားခြင်းကြောင့် ပျက်သုဥ်းရသည့် လူသားများ၊ နိုင်ငံများ၊ သမိုင်းများစွာရှိခဲ့လေရာ မျှော်လင့်ချက်ဟူသော အရာမှာ လူတစ်ဦးထက်ပိုကာ ရပ်ရွာအဆင့်တွင်ပင် မှားယွင်းသောမျှော်လင့်ချက် မပေးအပ်ကောင်းပေ။

အဘယ်ကြောင့်ဆိုလေသော် လူတစ်ဦးကို မျှော်လင့်ချက်ပေးမည်ဆိုပါက ထိုမျှော်လင့်ချက်မှာ ဖြစ်နိုင် မဖြစ်နိုင်ကို မျှော်လင့်ချက်ပေးသူက သုံးသပ်ထားနိုင်၍ ဖြစ်ပြီး မျှော်လင့်နိုင်ရေး ကြံဆသူများကိုယ်တိုင် မဖြစ်နိုင်မှန်းသိပါလျက် မျှော်လင့်ချက်အမှားပေးပါက ထိခိုက်နစ်နာမှုမှာ အလွန်ကြီးမားသောကြောင့် ဖြစ်ပေသည်။

ကိုယ်တိုင်ဖြစ်မလာနိုင်မှန်းသိပါလျက် မိမိဘဝရပ်တည်ရေး၊ လူအများယုံကြည်အားကိုးရေးနှင့် မိမိတို့၏ မိသားစုဘဝ စားဝတ်နေရေးအတွက် ကိုယ်ကျိုးရှာသော မျှော်လင့်ချက်အား လူတစ်ဦးကို ပေးမိလျှင်ပင် ထိုမှားယွင်းသော မျှော်လင့်ချက်ကြောင့် လူတစ်ဦး၏ဘဝ ပျက်ခြင်းသည်ကပင် အလွန်နစ်နာလှပေသည်။

သို့ဖြစ်ရာ လူရာချီသော ရပ်ရွာအဆင့်၌ မျှော်လင့်ချက်အမှားပေးမိပါက ထိုသို့မှားယွင်းမည်သိသိနှင့် မျှော်လင့်ချက်အမှားပေးသော ခေါင်းဆောင်မှာ အင်မတန်ယုတ်ညံ့သူများသာဖြစ်ပြီး လူသိန်းချီ၊ သန်းချီသောသူများကို မဖြစ်နိုင်မှန်းသိပါလျက်နှင့် မျှော်လင့်ချက်အမှားပေးသူများမှာ အလွန် အင်မတန်အောက်တန်းကျသောလူလိမ်များဟု ဆိုရမည်ဖြစ်ပေသည်။

ကျွန်ုပ်တို့၏ နိုင်ငံသည် ပြီးခဲ့သော နှစ်နှစ်အတွင်း မဖြစ်နိုင်သော မျှော်လင့်ချက်များဖြင့် လူသန်းချီကို ဆွဲဆောင်နိုင်ခဲ့သော လူလိမ်များစွာ၏ အမှားပေးသော မျှော်လင့်ချက်များစွာကို ရင်ဆိုင်ခဲ့ရပေသည်။ ထိုမျှော်လင့်ချက်အမှားများကို လူသန်းချီယုံကြည်ကာ လူသိန်းချီ ဘဝပျက်သွားချိန်တွင် မျှော်လင့်ချက်အမှားပေးသူများနှင့် သူတို့၏ မိသားစုများမှာ ဘေးလွတ်ကင်းရာနိုင်ငံများတွင် အများပြည်သူအသက်နှင့်ဘဝရင်းကာ ပေးဆပ်ထားသည့်ငွေကြေးများစွာဖြင့် သက်သောင့်သက်သာ အေးချမ်း သာယာနေသည်ကိုလည်း ပြည်သူအများမြင်တွေ့နေရပေသည်။

မျှော်လင့်ချက်အမှားဆိုသည်များနှင့် ပတ်သက်၍ ထိုသို့ မျှော်လင့်ချက်အမှားပေးသည်များကို MT News က အကြမ်းဖျဥ်း စုဆည်းရာ”သုံးရက်လောက် ငြိမ်သက်ပါ”၊ “CDM လုပ်ရင် လစာပေးထားမှာပါ”၊ “UN တပ်ကြီး လာမှာပါ” “အမေရိကန်တပ်ကြီး လာနေပြီ”၊ “R2P ဝင်လာပြီ”၊ “NDAA က သန်းရာချီ ပေးပြီ”၊ ”၂၀၂၂ မှာ အောင်ပွဲရပြီ”၊ “၂၀၂၃ က တော်လှန်ရေး အဆုံးအဖြတ်နှစ်” စသော မျှော်လင့်ချက်အမှားများ ပြီးခဲ့သောနှစ်နှစ်အတွင်း ရေပန်းစားခဲ့သည်ကို တွေ့ရှိရပေသည်။

ထို မျှော်လင့်ချက်များ၏ ၉၉ ရာခိုင်နှုန်းမှာ ဖြစ်မြောက်မလာသည်ကို တွေ့ရသော်လည်း ထိုမျှော်လင့်ချက်အမှားများကို ယုံစားသူများ၏ ၉၉ ရာခိုင်နှုန်းမှာမူ ဘဝပျက်သွားသည်ကို တွေ့ရပြီး မျှော်လင့်ချက်အမှားပေးသူများ၏ ရာနှုန်းပြည့်မှာမူ မိသားစုဘဝအလိုက် ငြိမ်းချမ်းအေးမြစွာကြွယ်ဝတိုးတက်နေသည်ကိုလည်း တွေ့ရှိရပေသည်။

ထိုသို့သော ဖြစ်စဥ်များကို နမူနာယူကြည့်ပါက မျှော်လင့်ချက်အမှား ပေးသူများမှာ တော်လွန်း၍ မဟုတ်ဘဲ False Hopes များကို ယုံကြည်သူများ၏ နုံနဲမှုမှာ အဓိကဖြစ်နေသည်ကိုလည်း MT News ၏ လေ့လာမှုများအရ သိရှိရပေသည်။

သို့အတွက် တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ငြိမ်းချမ်းစွာတိုးတက်လိုသူများအနေဖြင့် မျှော်လင့်ချက်အမှားများ ပေးတတ်သော လူလိမ်များကို မယုံကြည်ရန်၊ မျှော်လင့်ချက်ပေးလာပါက ဆန်းစစ်နိုင်သော အသိဉာဏ်ရှိရန်နှင့် မျှော်လင့်ချက်အမှားပေးထားပြီး လိမ်လည်သူများကို မကိုးကွယ်ဘဲ အမှန်တရားကို ဝေဖန်ပိုင်းခြားတတ်သော အသိများရှိရန် ဆင်ခြင်တွေးဆနိုင်သောအသိဉာဏ်အား ပြန်လည်ချိန်ဆနှိုးဆွချိန်တန်ပြီဖြစ်ကြောင်းလည်း MT News သတင်းဌာနက False Hopes များ ယုံစားနေသောပြည်သူများ အလင်းမြင်နိုင်ရေး တိုက်တွန်းနှိုးဆော်ပေးလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *