၁၀. ၁၂. ၂၀၂၂
MT News Editorial

နိုဝင်ဘာ ၂၅ ရက်မှ လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်နေ့အထိသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်ကြသော ကာလဖြစ်ပေသည်။

လိင်ကွဲပြားမှုအခြေပြုအကြမ်းဖက်မှု အသိပေးနှိုးဆော်ပွဲသည် ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး လှုပ်ရှား ဆောင်ရွက်မှုများကို မီးထိုးလှုံ့ဆော်ပေးသည့် အခါသမယလည်း ဖြစ်ပေသည်။

ဤအပြည်ပြည်ဆိုင်ရာ လှုံ့ဆော်ပွဲသည် ၁၉၉၁ ခုနှစ်၌ အမျိုးသမီးများ၏ ကမ္ဘာ့ခေါင်းဆောင်မှုစင်တာက ချိတ်ဆက်စီစဉ်သည့် ပထမဦးဆုံးသော အမျိုးသမီးများ၏ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှု အင်စတီကျူးရှင်း၌ မြစ်ဖျားခံလာခဲ့ပေသည်။

ကာလကြာရှည် မျက်ကွယ်ပြုနေခြင်း၊ ခပ်မဆိတ်နေခြင်းနှင့် ကဲ့ရဲ့ပြစ်တင်ခြင်းတို့ကြောင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှာ ကမ္ဘာ့ကပ်ဘေး အသွင် ဆိုက်ရောက်လာခဲ့ရာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီး ၃ ဦးလျှင် ၁ ဦးမှာ လိင်ကွဲပြားမှုအခြေပြု အကြမ်းဖက်မှု ကြုံတွေ့နေရပေသည်။

ထိုသို့သော အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ခိုက်ရာ လတ်တလောနှစ်များအတွင်း #MeToo ၊ #TimesUp ၊ #Niunamenos ၊ #NotOneMore ၊ #BalanceTonPorc နှင့်အခြား လှုံ့ဆော်မှုများမှတဆင့် လွတ်မြောက်လာသူများနှင့် တက်ကြွလှုပ်ရှားသူများ၏ အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ရာ မြန်မာပြည်တွင်လည်း ထို ၁၆ ရက်တာ လှုပ်ရှားမှု လုပ်ဆောင်လာကြပေသည်။

အများထက် ပို၍ထူးသည့် မြန်မာနိုင်ငံတွင်ကား အာဏာသုံးရပ်ယူထားသည့်  SAC အစိုးရကလည်း ၁၆ ရက်တာ လှုပ်ရှားမှုပြုသလို Shadow Government ဟု သုံးနှုန်းကြသည့် မည်သည့်နိုင်ငံကမှ တရားဝင်အစိုးရအဖြစ် သတ်မှတ်ခံရမှုမရှိသော လေလှိုင်းပေါ်မှ NUG အစိုးရကလည်း ၁၆ ရက်တာ လှုပ်ရှားပေသည်။

ထိုသို့သော ကာလအတွင်း တိုက်ဆိုင်မှုအဖြစ် တမူးမြို့မှ ကျောင်းဆရာမဆိုသည့် အသက် ၂၄ နှစ်အရွယ် ကလေးငယ်သုံးဦး၏ မိခင်ဒေါ်အေးမာထွန်းအား လေလှိုင်းပေါ်မှ NUG အစိုးရ၏ PDF ၁၀ ဦးခန့်က ဒလန်ဟု ဝန်ခံခိုင်းကာ လက်ထိပ်ခတ်၊ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ပြီး သေနတ်ဖြင့် တစ်ချက်ပစ်၍ သေဆုံးသွားရသည်ကိုပင် ဦးခေါင်းကို အနီးကပ်သုံးလေးချက်ထပ်မံပစ်ခတ်ကာ စပ်ဆုတ်ဖွယ်ရာသတ်ဖြတ်သည့် မြင်ကွင်း ထွက်ပေါ်လာခဲ့ပေသည်။

လွန်စွာရက်စက်ကြမ်းကြုတ်သော ထိုသတ်ဖြတ်မှုကို ဘက်ပေါင်းစုံမှ လူအများက မလုပ်သင့်ကြောင်း ဝိုင်းဝန်းဝေဖန်သည့်အဆုံး NUG မှ စုံစမ်းစစ်ဆေးမည်ဟု ပြောလာသော်လည်း ဒေါ်အေးမာထွန်းကို ဒလန်ဟု ယူဆရသူဆိုသည့် အသုံးနှင့် ကြေညာချက်ထုတ်လေရာ သေပြီးသည့်နောက်တွင်မှ ဖြေရှင်းခွင့်မရရှာသည့် ဒေါ်အေးမာထွန်းမှာ NUG ထောက်ခံသူများ၏ “ဒလန်ရှင်းတာ ကျေနပ်တယ်” ဆိုသော ပုံဖျက်စကားများဖြင့်သာ ထပ်မံကြုံတွေ့ရပြန်ပေသည်။

ထို့အတွက် မေးမြန်းလိုသည်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး NUG ၏ ၁၆ ရက်တာ လှုပ်ရှားမှုမှာ Fund ရရှိရေးသာ ဖြစ်ပါသလားဆိုသည့် အခြေအနေနှင့် ဖြေရှင်းခွင့်မရဘဲ ရက်စက်စွာ သတ်ဖြတ်ခံရသူ ဒေါ်အေးမာထွန်းအား သေဆုံးပြီးမှ သိက္ခာချခြင်း၊ သတ်ဖြတ်သူဟု ဆိုသူများမှာ လွတ်လပ်စွာပင် ဆက်လက်ရမ်းကားနေခြင်း၊ ဒလန်ရှင်းတာကျေနပ်တယ်ဆိုကာ ထောက်ခံသူများ၏ စကားအပေါ် သာယာပြီး အမျိူးသမီးများအပေါ် အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးနေခြင်းများမှာ မှန်ကန်ပါ၏ လောဆိုသည့် မေးခွန်းဖြစ်ပေသည်။

လူတစ်ယောက်ကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရပါက စွပ်စွဲသူအား ခုခံခွင့်၊ ဖြေရှင်းခွင့် ပေးရမည်ဖြစ်သည်။ သတ်ဖြတ်သည်ဆိုသည့် အကြောင်းအချင်း ရှင်းလင်းစွာပေါ်ပေါက်လျင်ပင် အသနားခံခွင့်ပေးရမည်ဖြစ်သည်။ ထိုအသနားခံခွင့်ပင် မပေးထိုက်ပါမှ သေစားသေစေခံရမည်ဖြစ်သည်။

ဒေါ်အေးမာထွန်းသည် ထိုသို့သော လူသားချင်းစာနာမှုဆိုင်ရာအခွင့်အရေးတစ်ခုမှမရဘဲ သုံးမိနစ်ကျော်အတွင်း ရက်စက်စွာအကြမ်းဖက် သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ပေသည်။ ထိုသို့သော ရက်စက်ယုတ်မာစွာ လုပ်ဆောင်မှုများကို “ငါ့လူမို့လို့ ငါတို့အမှန်” ဆိုသော အယူအဆများသည် အဓမ္မအယူသာဖြစ်ပေသည်။

ထိုသို့သော အဓမ္မအယူများကို မလုပ်အပ်ကြောင်း၊ အရေးယူသင့်ကြောင်း တွေးဆထောက်ပြနိုင်မှသာ ဓမ္မဟုဆိုနိုင်မည်ဖြစ်ပြီး ထိုသို့သော ရက်စက်ယုတ်မာစွာအကြမ်းဖက်မှုများကို လက်ခံနေသရွေ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လုံး၀ ပပျောက်မည်မဟုတ်ပါကြောင်းလည်း MT News သတင်းဌာနက ဝေဖန်ထောက်ပြလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *