April 27, 2024

၂၈. ၃. ၂၀၂၄
Translated by Htwe Ko Tun

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပိုလ်)ရဲ့ အတွင်းရေးမှူးချုပ် ဂျာဂင် စတော့ခ်က ကိုဗစ်-၁၉ ကပ် ရောဂါကာလအတွင်းမှာ စုရုံးဖွဲ့စည်းထားတဲ့ ဒုစရိုက်ဂိုဏ်းတွေက လူကုန်ကူးမှုနဲ့ အွန်လိုင်းဆိုက်ဘာ လိမ်လည်လှည့်ဖြားမှုတို့ ဖြစ်ပွားလာစေဖို့ လောင်စာထိုးပေးသလို မီးလောင်ရာလေပင့် လုပ်နေတာကြောင့် အရှေ့တောင်အာရှဒေသအတွင်းမှာဆိုရင် တစ်နှစ်ကို ဒေါ်လာ ၃ ထရီလျံခန့် လိမ်လည် လှည့်ဖြားမှုတွေ ပြုလုပ်နေတဲ့ ကမ္ဘာ့ကွန်ရက်ကြီးတစ်ခုဖြစ်လာစေခဲ့တယ်လို့ မတ်လ ၂၇ ရက်က ပြောခဲ့ပါတယ်။

စတော့ခ်က စီးပွားရေးပုံစံတွေနဲ့ လူတွေကို လှုံ့ဆော်မှုပြုလို့ ကိုဗစ်-၁၉ ကာလမှာတော့ အရှိန်ရလာခဲ့တဲ့ ဒီအွန်လိုင်းလိမ်လည်လှည့်ဖြားမှုတွေကို အမည်အသေအချာမသိရတဲ့ ဒုစရိုက်ဂိုဏ်းတွေက လုပ်ဆောင်နေကြပြီး ဆယ်စုနှစ်တစ်ခုအတွင်း အထူးများပြားလာခဲ့တယ်လို့ အင်တာပိုလ်ရဲ့ ညှိနှိုင်းဆွေးနွေးမှုအဖွဲ့ အခြေစိုက်ရာ စင်ကာပူရုံးမှာပြောခဲ့တာဖြစ်ပါတယ်။ သူက အွန်လိုင်းလိမ်လည်လှည့်ဖြားမှုလုပ်ငန်းတွေက အခုဆိုရင် အရှေ့တောင်အာရှဒေသမှာ အမြစ်တွယ်နေပြီလို့ဆိုခဲ့ပါတယ်။

သူက အရှေ့တောင်အာရှရဲ့ ဒေသတွင်း ဒုစရိုက်လုပ်ဆောင်ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ ပေါ်ပေါက်လာခဲ့တဲ့ အဆိုပါပြဿနာက အခုဆိုရင်တော့ ဆိုက်ဘာရာဇဝတ်မှုကျုးလွန်ရာနေရာတွေနဲ့ လိမ်လည်လှည့်ဖြားခံရတဲ့ပစ်မှတ်တွေအပါအဝင် ဓားစာခံသန်းပေါင်းများစွာရှိတဲ့ ကမ္ဘာလုံးဆိုင်ရာလူကုန်ကူးမှု အကျပ်အတည်းအခြေအနေကို ရောက်ရှိလာစေခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

ဥပဒေနဲ့အညီလုပ်ငန်းတွေပါလို့ ကတိပြုခဲ့ပြီးမှ အတင်းအဓမ္မစေခိုင်းခံနေရတဲ့ ဝန်ထမ်းအလုပ်သမားတွေနဲ့အတူ အွန်လိုင်း လိမ်လည်မှုစခန်းသစ်တွေက ဒုစရိုက်ဂိုဏ်းတွေကို မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုမှာသာမက အမျိုးမျိုးသောဝင်ငွေတွေကိုတိုးလာစေခဲ့တယ်လို့လည်း စတော့ခ်က ပြောပါသေးတယ်။ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုက ရတဲ့ဝင်ငွေက ဒုစရိုက်အုပ်စုတွေရဲ့ ဝင်ငွေရဲ့ ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိရှိတယ်လို့လည်း သူကဆိုပါတယ်။

ကုလသမဂ္ဂက ကမ္ဘောဒီးယားရှိ အွန်လိုင်းလိမ်လည်မှုစခန်းတွေကို လူ ၁၀၀,၀၀၀ ကျော်အထိ လူကုန်ကူးခံရကာ ရောက်ရှိခဲ့ကြတယ်လို့ ၂၀၂၃ ခုနှစ်က ပြောခဲ့ပါသေးတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရှိ ကျားဖြန့်စခန်းခေါ် နယ်စပ်ဒေသ အွန်လိုင်းလိမ်လည်ရေးစခန်းတွေမှ ဖမ်းမိတဲ့ တရုတ်နိုင်ငံရဲ့ အွန်လိုင်း လိမ်လည်မှု တရားခံဝရမ်းပြေးထောင်နဲ့ချီလို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီစခန်းတွေမှာ မြန်မာအစိုးရက ပြန်လည်ကယ်တင်ခဲ့တဲ့ နိုင်ငံခြားသား လူကုန်ကူးခံရသူတွေ သောင်းနဲ့ချီပြီးတော့လည်း သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ခဲ့ပါတယ်။

ဒါ့ပြင် ဒုစရိုက်ဂိုဏ်းတွေက သူတို့ရဲ့ မူးယစ်ဆေးဝါးတရားမဝင်သယ်ဆောင်တဲ့လမ်းကြောင်းတွေကို လူသားကုန်ကူးမှုပြုဖို့၊ လက်နက်မှောင်ခိုသယ်ဆောင်ဖို့၊ အသိဉာဏ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုတွေ၊ ခိုးယူထုတ်ကုန်ပစ္စည်းတွေနဲ့ကားခိုးမှုပြုဖို့အတွက်ပါ အသုံးချလာနေကြတယ်လို့လည်း စတော့ခ်ကဆက်လက်ပြောကြားခဲ့ပါတယ်။ သူက ဒုစရိုက်ဂိုဏ်းတစ်ခုအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၅၀ လောက်ထိ ဝင်ငွေရရှိ အောင် ဆောင်ရွက်နိုင်ကြတယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒါကြောင့် အရှေ့တောင်အာရှဒေသအတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ လူကုန်ကူးမှုလုပ်ငန်းက အခုဆို ကမ္ဘာ့အကျပ်အတည်းဖြစ်လာရတယ်လို့ စတော့ခ်က ဆိုခဲ့တာပါပဲ။

Ref-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *