April 27, 2024

၂၈. ၃. ၂၀၂၄
Written by Hey Mar

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဟိုတယ်အတော်များများ ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာကြောင့်ရော၊ လျှပ်စစ်မီးပုံမှန်မရရှိတာနဲ့ ပြည်တွင်းဧည့်သည်ကိုသာ မှီခိုနေရတဲ့ အ‌ခြေအနေတွေကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အခက်အခဲတွေရှိလာနေပြီး ပြန်လည်ရောင်းထုတ်လာကြတဲ့ အခြေအနေတွေလို့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ စုံစမ်းသိရပါတယ် ။

လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ဝန်းကျင်ကတည်းက ကလော၊ အင်းလေး၊ ညောင်ရွှေဘက်က ဟိုတယ်တွေနဲ့ ပုဂံညောင်ဦးဘက်ကဟိုတယ်တွေပါ Covid ကပ်ရောဂါကာလအပြီးကတည်းက အရောင်းတွေတင်ထားကြပြီး အဆိုပါဒေသတွေဟာ Eco Tourism ကို အဓိကလုပ်ကိုင်ကြတဲ့အတွက် အဲဒီကာလတွေအတွင်း ပြည်ပဧည့်သည်လည်းမရှိသလောက်မို့ ဟိုတယ်တချို့ လုပ်ငန်းတွေရပ်ဆိုင်းထားရတဲ့အခါ တက်လာတဲ့စရိတ်စကကို မကာနိုင်တော့တဲ့အတွက် ပြန်လည်ရောင်းချကြတာပါ။ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းမှာတော့ အဓိကစီးပွားရေးမြို့တော်တွေဖြစ်တဲ့ ရန်ကုန်နဲ့မန္တလေး မြို့ကြီးတွေက 5star အဆင့်ရှိ ဟိုတယ်တချို့ပါ အရောင်းတင်လာကြတာတွေကိုတွေ့မြင်လာရပြီး၊ အစိုးရရုံးစိုက်ရာနေရာဖြစ်တဲ့ နေပြည်တော်က 5 star ဟိုတယ်ကြီးတွေလည်း ပါဝင်လာပါတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်ပြီး၊ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဦးအောင်ထွန်းက “ ဒီကာလ အလည်အပတ်က မရှိသလောက်ဖြစ်သွားတယ်။ ပြည်တွင်းဧည့်သည်တွေ သွားတော့သွားနေပေမယ့် ပြည်ပက မဝင်သလောက်ဆိုတော့ အလုပ်ဖြစ်တော့ဖြစ်ပေမယ့် ထင်သလောက်မဖြစ်ဘူးပေါ့။ ပုဂံတို့ အင်းလေးတို့ကြတော့ သူတို့က နိုင်ငံခြားသားဦးစားပေးတဲ့ ဈေးကွက်ဆိုတော့လေ။ အဲ့ဒီဘက်တွေမှာ ဟိုတယ်လုပ်ငန်းက အေးနေတယ်။ ဟိုတယ်လုပ်ငန်းက ကိုဗစ်အပြီး တစ်နှစ်လောက်မှာနည်းနည်းလေးတန့်သွားပေမယ့် City Hotel တွေပေါ့ အခန်း လေးငါးဆယ်လောက်နဲ့ အလုပ်လုပ်တဲ့ ဟိုတယ်တွေကတော့ လည်ပတ်နိုင်ပေမယ့်ပေါ့ ပြည်တွင်းမှာ သွားလာမှုတွေလည်း ရှိနေတော့။ ဒါပေမယ့် အားလုံးလားဆိုတော့ မဟုတ်ဘူး။ နေရာအကွက်အကွင်းလေးကောင်းပြီး ဝန်ဆောင်မှုလည်းကောင်းတယ်ဆိုတဲ့ နေရာတချို့လောက်ပဲ လည်ပတ်လို့ရသွားတာပေါ့။ ဒီနေ့အထိ ကျသွားတယ်ဆိုပေမယ့် နိုင်ငံခြားသားမလာပေမယ့် လုပ်ငန်းလည်ပတ်လို့ ရသေးတယ်။ ထိတာက အခန်းရာကျော်ရှိတဲ့ ဟိုတယ်ကြီးတွေကတော့ ဒီကာလ အတော်ထိတယ်”လို့ ပြောပါတယ်။

အခန်း ၁၀၀နဲ့ အထက် ဟိုတယ်ကြီးတွေမှာတော့ ဧည့်သည်အဝင်အတော်နည်းနေပြီး ပြည်တွင်းဧည့်သည်တွေနဲ့ လုပ်ငန်းလည်ပတ်ရတဲ့အခါ ၆၀ ရာခိုင်နှုန်းလောက်သာ လုပ်ငန်းလည်ပတ်နိုင်ပြီး လျှပ်စစ်မီး မမှန်တာ၊ မီတာခတွေတက်တာ မီးစက်အသုံးပြုရတဲ့အခါမှာလည်း လောင်စာဆီနှုန်းမြင့်နေတာ စတဲ့ အချက်တွေအပါအဝင် ကျွမ်းကျင်ဝန်ထမ်းတွေက ပြည်ပအထွက်များနေတာကြောင့် လုပ်ငန်းလည်ပတ်မှုတွေမှာပါ အခက်အခဲတွေ ကြုံနေရတာလို့ သိရပါတယ်။

“ပြည်တွင်းဟိုတယ်တွေက လေ့ကျင့်ရေးကျောင်းတွေလိုပဲ။သင်တန်းတွေကဆင်းလာတယ်၊ လေး ငါးခြောက်လ အတွေ့အကြုံယူပြီး တခြားကောင်းတဲ့ဆီပြောင်းကြတယ်။ ပြည်ပထွက်ကြတယ်။ ရန်ကုန် ၊ မန္တလေး၊ နေပြည်တော်မှာရှိတဲ့ အဓိကပြဿနာကတော့ အလုပ်သမားမမြဲတာနဲ့ ကျွမ်းကျင်တဲ့ အလုပ်သမားရှားသွားတာပေါ့။ အခု စစ်မှုထမ်းဥပဒေ ထွက်လာတော့ ပိုဆိုးသွားတယ်။ သူတို့အတွေးနဲ့ သူတို့လည်းရှိမှာပေါ့။ ကြောက်ပြီး နိုင်ငံခြားပိုထွက်ကြတယ်။ နောက်တစ်ချက်က ကုန်ဈေးနှုန်းတွေတက်တာ။ ဟိုတယ်တွေအနေနဲ့က အဲ့လောက်ကြီး လိုက်ပြီးတက်ပြီး ဈေးတင်လို့မရတော့ နဂိုရှိတဲ့ ဈေးအပေါ်မှာပဲ နည်းနည်းလေးလိုက်တိုးတင်ပြီး ရောင်းလို့ရတဲ့ အနေအထား။ အဲ့ဒီမှာမှ သူ့ထက်ထပ်တိုး‌နေတဲ့ စရိတ်တွေက သူအခန်းခတိုးတောင်းတာနဲ့ မကာမိတော့ ပြန်ထုတ်တာတွေဖြစ်လာတာ” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ၊ ဟိုတယ်လုပ်ငန်းရှင် ဦးအောင်ထွန်းက ပြောပါတယ်။

လက်ရှိအရောင်းတင်ထားတဲ့ ဟိုတယ်အရေအတွက် အတော်များများရှိနေပြီး ၊ အများစုက ခရီးသွားဒေသတွေဘက်က ဖြစ်ကာ ပင်လယ်အပန်းဖြေစခန်းတွေဘက်က ဟိုတယ်တွေလည်းပါဝင်နေသလို ဈေးနှုန်းတွေက အခန်းအရေအတွက်နဲ့ မြေနေရာအကျယ်အဝန်းကို လိုက်ပြီး ဈေးရှိသလို နေရာအကွက်အကွင်းပေါ်မူတည်ပြီးလည်း ဈေးကောင်းတယ်လို့ သိရပါတယ်။ အခုအချိန်ထိ တိတိပပ အရောင်းအဝယ်ဖြစ်တာမျိုးမရှိသေးဘဲ ၊ တချို့ဟိုတယ်တွေလည်း အရောင်းပြန်ပိတ်ပြီး ပြန်လည်လုပ်ကိုင်နေပတ်နေတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News