April 27, 2024

၂၈. ၃. ၂၀၂၄
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်မြောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့(မတ်လ ၂၇ ရက်) က လူတစ်ဦး ဓားနဲ့ လိုက်ထိုးမှုကြောင့် လူ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဓားနဲ့ လိုက်ထိုးတယ်လို့ သံသယရှိသူ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သလို ဒဏ်ရာရရှိသူတွေထဲက တစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပြီး ဓားနဲ့ တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

သံသယရှိသူဟာ ရောခ့်ဖိုဒ်မြို့ရှိ နေရာအများအပြားမှာ ဓားနဲ့ လိုက်ထိုးခဲ့တာဖြစ်ပြီး အခင်းဖြစ်ရာနေရာတွေမှာ လူသုံးဦးသေဆုံးခဲ့ပါတယ်။ စတုတ္ထမြောက်တစ်ယောက်ကတော့ ဆေးရုံမှာ သေဆုံးသွားခဲ့သလို သေဆုံးသူတွေဟာ အသက် ၁၅ နှစ်အရွယ် မိန်းကလေး၊ အသက် ၆၃ နှစ်အရွယ် အမျိုးသမီး၊ အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြပါတယ်။

ရောခ့်ဖိုဒ်မြို့မှာ လူဦးရေ ၁၅၀,၀၀၀ ခန့်ရှိပြီး ချီကာဂိုမြို့ရဲ့ အနောက်မြောက်ဘက်မိုင် ၉၀ (၁၄၅ ကီလိုမီတာ) အကွာမှာ တည်ရှိပါတယ်။ အမေရိကန်မှာ ခုလို အကြမ်းဖက်မှုတွေကြောင့် လူသေဆုံးရမှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး အခုဖြစ်စဉ်ကလည်း ရော့ခ်ဖို့ဒ်မြို့က စတိုးဆိုင်တစ်ခုမှာ ဆယ်ကျော်သက်ဝန်ထမ်းတစ်ဦး ဓားနဲ့ထိုးသတ်ခံရပြီး ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတစ်ခု ဖြစ်ပါတယ်။

Ref; AP

Leave a Reply

Your email address will not be published. Required fields are marked *