April 28, 2024

၂၈.၃.၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းမှာ ယာယီတာဝန်ကျနေတဲ့ တပ်မတော်အရာရှိတစ်ဦးကို ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉ (Pale Jokers PDF)က မနေ့က တပ်မတော်နေ့ မတ်လ၂၇ ရက်၊ နေ့လယ် ၁၁ နာရီအချိန်မှာ ဖမ်းဆီးခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့ တပ်မတော်အရာရှိက ကန့်ဒေါင့်နယ်မြေရဲစခန်းမှာ စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက် (ကြည်း၆၈…)ဆိုသူဖြစ်ပြီး ကန့်ဒေါင့်ရွာရဲစခန်းရဲ့အရှေ့ဘက် ဆိုင်ကယ်​နဲ့ထွက်ခွာလာချိန် PDF တွေက စောင့်ဖမ်းခဲ့တာလို့ ပြောပါတယ်။

ဗိုလ်ကြီးဟိန်းရဲထက်ဟာ ကန့်ဒေါင့်ရဲစခန်းကို ရောက်ရှိလာတာ လပိုင်းပဲရှိသေးပြီး ဖမ်းဆီးရမိချိန်မှာ စူပါကပ်ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနဲ့ စကားပြောစက်တစ်လုံးကို သိမ်းဆည်းရမိခဲ့သလို သူ့ကို NUG ရဲ့ စစ်သုံ့ပန်းဥပဒေအတိုင်း အရေးယူမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းကို PDF တွေက မကြာခဏစောင့်ဆိုင်းတိုက်ခိုက်နေတာဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ကလည်း ကင်းပတ်လာတဲ့အဖွဲ့ကို ယင်းမာပင်ခရိုင် တပ်ရင်း၁၉ ( Pale Joker PDF)နဲ့ ပုံတောင်ဂဠုန် LPDF အဖွဲ့ပူးပေါင်းတိုက်ခိုက်လို့ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်တယ်လို့လည်း Pale Joker PDF က ထုတ်ပြန်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *