April 27, 2024

၂၈. ၃. ၂၀၂၄
Written by Pan Ei

မကြာသေးမီက ဗီယက်နမ်နိုင်ငံမှာ ထူးထူးခြားခြားဖြစ်ရပ်တစ်ခုအနေနဲ့ အမျိုးသားတစ်ဦးရဲ့ဝမ်းဗိုက်ထဲကနေ ငါးရှဉ့်အရှင်တစ်ကောင်ကို ခွဲစိတ်ဆရာဝန်တွေက အရေးပေါ် ဖယ်ရှားပေးခဲ့ရကာ အဲ့ဒီအမျိုးသားရဲ့အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပြီး ခွဲစိတ်ပြီးနောက် ဝမ်းဗိုက်ထဲက ငါးရှဉ့်က အသက်ရှင်နေသေးတာက ဆရာဝန်တွေကို အံအားသင့်စေခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက အသက် ၃၄ နှစ်အရွယ် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးဟာ ဗိုက်အပြင်းအထန်အောင့်နေတာကြောင့် ကွမ်နင်းပြည်နယ်ရှိ ဟိုင်းဟခရိုင်ဆေးဘက်ဆိုင်ရာစင်တာကို သွားရောက်ခဲ့ပြီး ဓာတ်မှန်ရိုက်ခြင်းနဲ့ အာထရာဆောင်းရိုက်ခြင်းတွေ ပြုလုပ်ခဲ့ရာ ဝမ်းဗိုက်အတွင်း ပြင်ပအရာတစ် ခုအူလမ်းကြောင်းကို ဖောက်ထွင်းဝင်ရောက်နေတာနဲ့ အစာအိမ်ရောင်တာတို့ကို တွေ့ရှိခဲ့ရတာကြောင့် အရေးပေါ်ခွဲစိတ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် လူနာရဲ့ဝမ်းဗိုက်ကိုဖွင့်လိုက်တဲ့အခါ ဝမ်းဗိုက်အတွင်း ဝင်ရောက်နေတဲ့ ပြင်ပအရာက ၃၀ စင်တီမီတာ (၁၂ လက်မလောက်) အရှည်ရှိတဲ့ ငါးရှဉ့်တစ်ကောင်ဖြစ်နေတာကို တွေ့ရှိခဲ့ရလို့ ဆရာဝန်တွေ အံ့အားသင့်ခဲ့ကြရပါတယ်။

ဆရာဝန်တွေက ငါးရှဉ့်နဲ့ ဒဏ်ရာရတစ်ရှူးအချို့ကို ဖယ်ရှားဖို့အတွက် စေ့စပ်သေချာတဲ့ ခွဲစိတ်မှုနည်းလမ်းကို အသုံးပြုခဲ့ပြီး ကံကောင်းစွာနဲ့ ခွဲစိတ်မှုအောင်မြင်ပြီးနောက် လူနာလည်း တည်ငြိမ်သွားခဲ့တယ်လို့ သိရပါတယ်။

ငါးရှဉ့်ကြီးဟာ ဝမ်းဗိုက်အတွင်းဝင်ရောက်ကာ ဒဏ်ရာဘယ်လိုရစေခဲ့သလဲဆိုတာ အသက် ၃၄ နှစ်အရွယ် အမျိုးသားက ရှင်းရှင်းလင်းလင်း အဖြေမပေးနိုင်ခဲ့ပေမဲ့ ငါးရှဉ့်လို ချောမွတ်တဲ့ တိရစ္ဆာန်ဟာ စအိုလမ်းကြောင်းကနေတစ်ဆင့် အူလမ်းကြောင်းအတွင်းကို ဝင်ရောက်ကာ လူနာရဲ့အူမကြီးကို တွားသွားပြီး ဝမ်းဗိုက်အတွင်းကို ဝင်ရောက်သွားတယ်လို့ ဆရာဝန်တွေက ယူဆခဲ့ကြပါတယ်။

အဆိုပါဗီယက်နမ်အမျိုးသားဟာ ခွဲစိတ်မှုအပြီးမှာ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းကို ခံစားနေရပြီး ဆေးရုံမှာ စောင့်ကြည့်ခံနေခဲ့ရသလို သူဟာ ဆေးဘက်ဆိုင်ရာအကူအညီတောင်းခံဖို့ နောက်ရက်တွေအထိ စောင့်ဆိုင်းနေခဲ့မယ်ဆိုရင် အခြေအနေဟာ ပိုမိုဆိုးရွားစေနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးမွှားကူးစက်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေဆီ ဦးတည်သွားဖွယ်ရှိနေခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; Times of India

Leave a Reply

Your email address will not be published. Required fields are marked *