April 27, 2024

Photo - Visual Capitalist

၂၈. ၃. ၂၀၂၄
Written by Pan Ei

ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ကို ကမ္ဘာလုံးဆိုင်ရာ ပျော်ရွှင်မှုအဆင့် နှစ်စဉ် သတ်မှတ်ပေးလေ့ရှိတဲ့ World Happiness Report က ဒေတာတွေကို အသက်အုပ်စုအလိုက် ခွဲခြမ်းစိပ်ဖြာပြီး ပထမဆုံးအကြိမ်အဖြစ် အခုနှစ်ကစကာ အသက်အပိုင်းအခြားအလိုက် ပျော်ရွှင်မှု အဆင့်တွေကို သတ်မှတ်ပေးခဲ့ရာ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အသက် ၃၀ အောက် လူငယ်တွေက ပျော်ရွှင်မှု အနည်းပါးဆုံးဖြစ်နေရတာကို တွေ့ရှိခဲ့ရပါတယ်။

နိုင်ငံတွေရဲ့ ပျော်ရွှင်မှုအဆင့်သတ်မှတ်ချက်တွေဟာ လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ၊ လူတစ်ဦးစီရဲ့ ဝင်ငွေ၊ ကျန်းမာရေး၊ လွတ်လပ်မှု၊ ရက်ရောမှုနဲ့ အကျင့်ပျက်ခြစားခြင်း နည်းပါးမှု စတဲ့ အချက်တွေအပေါ် အခြေခံပြီး အမှတ်ပေးကာ ရွေးချယ်ထားတာဖြစ်သလို မြန်မာနိုင်ငံမှာ စတင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်းက ဒေတာတွေအရ မြန်မာနိုင်ငံက လူငယ်တွေဟာ ပျော်ရွှင်မှု နည်းနေတာကို တွေ့ရပြီး ရမှတ် ၁၀ မှတ်မှာ ၄ ဒသမ ၃၅၄ မှတ်နဲ့ ကမ္ဘာ့ဆင့် ၁၂၂ မှာ ရပ်တည်နေတာပါ။

အရှေ့တောင်အာရှဒေသတွင်းမှာတော့ ထိုင်းနိုင်ငံက လူငယ်တွေက အပျော်ရွှင်ဆုံးဖြစ်နေတာကို တွေ့ရပြီး ထိုင်းနောက်မှာ စင်ကာပူက လူငယ်တွေက ဒုတိယအပျော်ရွှင်ဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေက လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေရဲ့ ပျော်ရွှင်မှုဟာ နည်းပါးလာတာကိုတွေ့ရပေမဲ့ ယေဘုယျအနေနဲ့ ပြောရရင် သက်ကြီးရွယ်အိုတွေကတော့ ပိုပြီးပျော်ရွှင်ကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အပျော်ရွှင်ဆုံး လူ့အသက်အပိုင်းအခြားက အသက် ၆၀ နဲ့အထက် သက်ကြီးပိုင်းတွေဖြစ်ပြီး ကမ္ဘာ့အဆင့်နဲ့ဆိုရင်တော့ အဆင့် ၁၀၂ မှာ ရပ်တည်နေပါတယ်။

အဆိုပါ စာရင်းမှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့က ၂၀၂၂ ခုနှစ်တုန်းက ပျော်ရွှင်မှုအဆင့် ၁၂၃ နေရာမှာ ရပ်တည်ခဲ့ပေမဲ့ ၂၀၂၃ နှစ်မှာတော့ အဆင့် ၁၁၇ နဲ့ အခုနှစ်မှာတော့ ၁၁၈ ဖြစ်ကာ တစ်ဆင့် ကျဆင်းခဲ့ပါတယ်။

World Happiness Report ရဲ့ ၂၀၂၄ ခုနှစ်အတွက်စာရင်းမှာ ဖင်လန်နိုင်ငံက ခုနစ်နှစ်ဆက်တိုက် ကမ္ဘာ့ပျော်ရွှင်စရာအကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပြီး အဆင့် ၁၄၃ ဖြစ်တဲ့ အာဖဂန်နစ္စတန်နိုင်ငံကတော့ ပျော်ရွှင်စရာမကောင်းဆုံးနိုင်ငံအဖြစ် ဒီနှစ်မှာလည်း ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။

Ref; World Happiness Report

Leave a Reply

Your email address will not be published. Required fields are marked *

Related News