၂၈. ၃. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံအစိုးရက မှောင်ခိုကုန်ကူးမှုများနှင့် အခြားသော ဥပဒေနှင့်မညီသည့်လုပ်ဆောင်မှုများကို တားဆီးရန်အတွက် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ ကုန်ကျမည့် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကီလိုမီတာ ၁,၆၁၀ ရှိ နယ်စပ်ခြံစည်းရိုး ကာရံတည်ဆောက်သွားဖွယ်ရှိကြောင်း မတ်လ ၂၇ ရက်သတင်းများက ဖော်ပြခဲ့ကြသည်။

အိန္ဒိယနိုင်ငံအစိုးရက ၎င်းအနေဖြင့် နှစ်နိုင်ငံနယ်စပ်နေပြည်သူများအကြား ဆယ်စုနှစ်တစ်ခုကြာလာပြီဖြစ်သော ပြည်ဝင်ခွင့်မလိုဘဲ ဝင်ထွက် သွားလာနိုင်ခွင့် မူဝါဒကိုအဆုံးသတ်၍ နယ်စပ်ခြံစည်းရိုးတည်ဆောက်သွားမည်ဟု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကပင်ပြောခဲ့သည်။

ဝန်ကြီးချုပ်နာရန်ဒရာ မိုဒီ၏အစိုးရကလည်း အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသ၏ ကာလအပိုင်းအခြား တစ်ခုအတွင်း တိုးတက်ဖြစ်ပျက်ပြောင်းလဲမှုများကို မှန်ကန်စွာ လေ့လာသိရှိနိုင်ရန် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စိမ့်ဝင်နိုင်သော နယ်စပ်ဒေသကို ခြံစည်းရိုးကာရံသွားမည်ဟုပြောခဲ့သည်။

မတ်လအစောပိုင်းတွင် အစိုးရကော်မတီတစ်ရပ်က နယ်စပ်ခြံစည်းရိုးတည်ဆောက်ရန် ကုန်ကျစရိတ်ကို အတည်ပြုခဲ့သည်။ သို့သော် ၎င်းအား ပြည်ထောင်စုအစိုးရက ထပ်မံအတည်ပြုရန်လိုသေးကြောင်းသိရသည်။

အဆိုပါနယ်စပ်ခြံစည်းရိုး တည်ဆောက်မည့်ကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံး၏ အစိုးရအရာရှိများက တစ်စုံတစ်ရာဝေဖန်ပြောကြားမှုမရှိခဲ့ကြပေ။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တပ်မတော်က အာဏာကို ယာယီထိန်းသိမ်းမှုပြုခဲ့ပြီးနောက် ထောင်နှင့် ချီသော အရပ်သားများနှင့် လက်နက်ကိုင်အဖွဲ့ဝင်များ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အချို့သော ဘီဂျေပီပါတီခေါင်းဆောင်များကလည်း မဏိပူရပြည်နယ်အတွင်းဆူပူမှုများဖြစ်ပွားရခြင်းက နယ်စပ်စိမ့်ဝင်မှုများကြောင့်ဟုလည်းမှတ်ယူကြသည်။

ယခုအခါ တစ်နှစ်နီးပါးကြာလာခဲ့ပြီဖြစ်သော မဏိပူရပြည်နယ်အတွင်း လူမျိုးစုနှစ်ခုအကြားတိုက်ခိုက်မှုများက ပြည်တွင်းစစ်ပွဲအခြေအနေကဲ့သို့ပင် ရောက်ရှိခဲ့ရသည်။လူမျိုးစုအုပ်စုနှစ်ခုအနက် တစ်ခုကမြန်မာနိုင်ငံ၊ ချင်းပြည်နယ်အတွင်းမှတိုင်းရင်းသားများ၏ အဆက်အနွယ်များလည်းဖြစ်ကြသည်။

အစိုးရအဖွဲ့ကော်မတီက နယ်စပ်ခြံစည်းရိုးတစ်လျှောက် အပြိုင်လမ်းများကို ဖောက်လုပ်သွားရန်လည်း သဘောတူခဲ့ပြီး ကီလိုမီတာ ၁,၇၀၀ ရှည် လမ်းခွဲများက စစ်အခြေစိုက်စခန်းများနှင့် နယ်စပ်ကို ဆက်သွယ်ပေးထားမည်ဖြစ်သည်။

သတင်းများအရ နှစ်နိုင်ငံနယ်စပ်တစ်လျှောက်ရှိခြံစည်းရိုးနှင့်လမ်းများတည်ဆောက်မှုအတွက် တစ်ကီလိုမီတာလျှင် ရူပီး ၁၂၅ သန်းနီးပါးကုန်ကျမည်ဟု ခန့်မှန်းသည်ဟုဆိုသည်။ ၎င်းက တစ်ကီလိုမီတာလျှင် ရူပီး ၅၅ သန်းခန့်ကုန်ကျခဲ့သော အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၀၂၀ ပြည့်နှစ်ကတည်ဆောက်ခဲ့သည့် နယ်စပ်ခြံစည်းရိုးထက် နှစ်ဆကျော်ကုန်ကျမည်လည်းဖြစ်သည်။ ထိုကဲ့သို့ ကုန်ကျစရိတ်ကွာခြားရခြင်းက နယ်စပ်ခြံစည်းရိုးတည်ဆောက်မည့် မြန်မာနိုင်ငံနှင့်နယ်စပ်က တောင်ကုန်းထူထပ်သောဒေသဖြစ်သည့်အပြင်ကျူးကျော်ဝင်ရောက်မှုများနှင့် သံချေးစားမှုကိုကာကွယ်နိုင်ရန် နည်းပညာများအသုံးပြုသွားမှုတို့ကြောင့်ဟု သိရသည်။

Ref . ; mint

Leave a Reply

Your email address will not be published. Required fields are marked *