၁၉. ၃. ၂၀၂၄
Written by Phyo Wei

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ AA လက်နက်ကိုင်တွေက ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကို တစ်လလောက် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး မြို့အတွင်းကို ၁၃ ကြိမ် ပစ်ခတ်မှုမှာ စစ်တွေမြို့က အပြစ်မဲ့ပြည်သူ ၁၈ ဦးသေဆုံးပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုနေသူ ၂ ဦး အပါအဝင် ၄၇ ဦး ဒဏ်ရာရခဲ့ပေမဲ့လည်း ဒီဖြစ်စဉ်အပေါ် လုံခြုံရေးတပ်ဖွဲ့ လွှဲချနေသလို အသိဉာဏ်မဲ့သူတွေကလည်း မြို့တွင်းကို ပစ်နေတဲ့ AA က တစ်ဖက်အဖွဲ့အစည်းပေါ် ပုံချသလို လွှဲချတိုင်းယုံတာကိုလည်း မြင်ရတဲ့ ရင်မောဖွယ်စစ်ကြိုလင့်မှုကို ဒီတစ်ပတ်မှာ တွေ့ရသလို Dhaka Tribune သတင်းစာကလည်း AA နဲ့ ARSA တို့က ဘင်္ဂါလီဒုက္ခသည်တွေကို လူကုန်ကူးပြီး အမြတ်ထုတ်နေတယ်လို့ ကမ္ဘာသိအောင် ရေးသားဖော်ပြလာတဲ့ ဖြစ်စဉ်တွေ တွေ့မြင်လာရပါတယ်။

အခြားတစ်ဖက်မှာလည်း စစ်မှုထမ်းဥပဒေထုတ်ပြန်အပြီးမှာ ဒီလိုမျိုး စစ်သားစုဆောင်းမှုကို ဆန့်ကျင်ဖို့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့က ပူးတွဲထုတ်ပြန်ကြေညာချက်ထုတ်ပြီး လူထုလှုပ်ရှားမှုအဖြစ် လက်မှတ်ထိုးဆန့်ကျင်ဖို့ လုပ်ဆောင်ရာမှာ ဆယ်ရက်အတွင်း လက်မှတ်ထိုးသူက ၁၄၀၂၅ ဦးပဲရှိပြီး လက်မှတ်ထိုးဆန့်ကျင်သူ အလွန်နည်းပါးနေတာ တွေ့ရသလို NCA ရေးထိုးထားတဲ့ လက်နက်ကိုင် ၇ ဖွဲ့က 7 EAO Alliance အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ပဲ အဖြေရှာမယ်ပြောလာတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာ့အကျပ်အတည်းတွေ ပြေလျော့ဖို့ ထိုင်းအောက်လွှတ်တော်က မဟာဗျူဟာလေးရပ် တောင်းဆိုတာ၊ မြန်မာ့နိုင်ငံရေးမှာ အမေရိကန်ဝင်မစွက်ဖက်ဖို့တောင်းဆိုတာနဲ့ ရွေးကောက်ပွဲပျက်ပြားစေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၂၄ ပါတီက တောင်းဆိုတာတွေကို တင်ပြချင်ပါတယ်။

ထိုင်းလွှတ်တော်တောင်းဆိုလာတဲ့ မဟာဗျူဟာလေးရပ်

မြန်မာနိုင်ငံက အကျပ်အတည်းတွေ လျော့ပါးစေဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက မဟာဗျူဟာ လေးရပ် အစီအစဉ်ကို အဆိုပြုခဲ့သလို ပထမဦးစွာ အစိုးရအနေနဲ့ အခြေအနေကို စောင့်ကြည့်ဖို့၊ ကျယ်ကျယ်ပြန့်ပြန့် တုံပြန်ဆောင်ရွက်နိုင်ဖို့ လုံခြုံရေးနဲ့ နိုင်ငံခြားရေး အရာရှိတွေ ပါဝင်တဲ့ အထူးအဖွဲ့ကို ဖွဲ့စည်းဖို့၊ ဒုတိယအနေနဲ့ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ တိုးလာနိုင်တဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ခိုလှုံလိုသူတွေ များပြားလာနိုင်တဲ့ အခြေအနေတွေအပေါ် အရေးပေါ် အစီအစဉ်တစ်ရပ် ချမှတ်ဖို့၊ တတိယအနေနဲ့ အစိုးရဟာ ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူအားလုံးအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ဖြန့်ဝေမှုတွေ တိုးချဲ့ဖို့လိုအပ်ပြီး ကျေးရွာသုံးရွာမှာ ခိုလှုံနေသူ ၁၀,၀၀၀ ကို ကန့်သတ်ထားတာထက် ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေ ရရှိစေဖို့ အာဆီယံအနေနဲ့လည်း ပါဝင်ဖို့နဲ့ နောက်ဆုံးအနေနဲ့ကတော့ မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် တွန်းအားပေးဖို့ ထိုင်း၊ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယတို့ပါဝင်တဲ့ “Myanmar Troika Plus” အဖွဲ့ကို ထူထောင်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ထောက်ခံအားပေးသင့်ကြောင်း ပါဝင်သလို အဲဒီအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်နိုင်ဖို့အတွက် အလွတ်သဘော ညှိနှိုင်းဆွေးနွေးရေး ယန္တရားတစ်ခုအဖြစ် လုပ်ဆောင်မယ်လို့လည်း အဆိုတင်သွင်းသူ နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌနဲ့ ဖြူထိုင်းပါတီ ကိုယ်စားလှယ် နော်ပဒွန်ပတ္တမ ပြောခဲ့တာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ဦးဆောင်သူအဖြစ် ပါဝင်လိုတဲ့ ဆန္ဒပြင်းပြနေသလို သူကိုယ်တိုင်ကတော့ အမေရိကန်အစိုးရရဲ့ Proxy သဘောမျိုးဖြစ်နေတာ၊ အမေရိကန်အစိုးရဟာ NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် လက်ခံလိုက်မှုကို မြင်ရပြီး ဒီဘဏ္ဍာနှစ်မှာ ဘတ်ဂျက်တစ်ကျပ်တစ်ပြားမှ မထောက်ပံ့တော့တာမျိုး မြင်ရသလို တိုင်းရင်းသားလက်နက်ကိုင်တွေဟာ မူးယစ်ဆေးထုတ်လုပ်နေတာတွေ၊ နျူလက်နက်ပစ္စည်းတောင် သူ့ရန်ဘက်အီရန်နိုင်ငံကို ရောင်းချဖို့ ကြိုးစားတာတွေကို မြင်လာချိန်မှာတော့ အလွန်အကျွံသူကောင်းပြုမိခဲ့တာကို ပြန်ထိန်းကျောင်းချင်တဲ့ ပုံစံ မြင်လာနေရပါတယ်။ ဒီပုံစံထိန်းကျောင်းမှု အောင်မြင်ချင်တယ်ဆိုရင် ထိုင်းနိုင်ငံအနေနဲ့လည်း သူ့နိုင်ငံဘက်ခြမ်းမှာ ဝင်ထွက် ထောက်ပို့လုပ်နေတဲ့အုပ်စုနဲ့ NUG တာဝန်ရှိသူအုပ်စုရဲ့ ဝင်ငွေလမ်းကြောင်းတွေ၊ လက်နက်သယ်ဆောင်မှုလမ်းကြောင်းတွေ၊ နေထိုင်မှုပြုထားတာတွေကို ထိန်းကျောင်းဖြတ်တောက်မှ အောင်မြင်မှာဖြစ်လို့ ဒီလိုမျိုး မီးစာတစ်ဖက်၊ ရေမှုတ်တစ်ဖက်လုပ်ရပ်အောက်မှာ ဘယ်လောက်အောင်မြင်မလဲ စောင့်ကြည့်ရပါလိမ့်မယ်။

မြန်မာ့နိုင်ငံရေး အမေရိကန်ဝင်မစွက်ဖက်ဖို့ တောင်းဆိုမှု

မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးအပေါ် အမေရိကန်နိုင်ငံက စွက်ဖက် ပိတ်ဆို့နေလို့ မြန်မာပြည်သူတွေ အခက်ကြုံနေကြရတဲ့အပေါ် ရန်ကုန်မြိုက ရွှေလိပ်ပြာဟိုတယ်မှာ ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်က မတ်လ ၁၇ ရက်မှာ သတင်းစာရှင်းလင်းခဲ့ပြီး မြန်မာ့နိုင်ငံရေး အမေရိကန်ဝင်မစွက်ဖက်ဖို့အချက်ငါးချက် တောင်းဆိုလိုက်ပါတယ်။

“နံပါတ်တစ်အနေနဲ့ အမေရိကန်အနေနဲ့ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေကြား ပဋိပက္ခတွေ ပိုပြီးတော့ မပြင်းထန်အောင်လို့ လက်နက်ထောက်ပံ့တာတွေ ငွေကြေးထောက်ပံ့တာတွေ၊ နည်းပညာထောက်ပံ့တာတွေကို ရပ်တန်းကရပ်ဖို့၊ နံပါတ်နှစ်အနေနဲ့ အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံတွေရဲ့ Sanction တွေနဲ့ ပိတ်ဆိုမှုတွေကြောင့် ထိခိုက်နေတာက လက်ရှိအုပ်ချုပ်နေတဲ့အစိုးရ မဟုတ်ဘဲ ပြည်သူတွေသာ ဖြစ်နေတယ်ဆိုတာကို ထဲထဲဝင်ဝင်သိဖို့ကြိုးစားပါ။ နံပါတ်သုံးအနေနဲ့ အမေရိကန်နိုင်ငံ အပါအဝင် သူ့ရဲ့လက်တံတွေ အားလုံးအနေနဲ့ မြန်မာနိုင်ငံကို ကိုလိုနီလက်သစ်ဝါဒနဲ့ ကျွန်ပြုချင်တဲ့အကြံတွေ ဒီနေရာကနေ ရပ်တန်းကရပ်ဖို့၊ နံပါတ်လေးအနေနဲ့ မြန်မာပြည်သူတွေဟာ အခြေခံအားဖြင့် အေးချမ်းစွာ၊ တည်ငြိမ်စွာ နေလိုသူတွေဖြစ်တာကြောင့် မြန်မာပြည်ကို စစ်မီးမွှေးတာ၊ စစ်ပွဲတွေပို့ဆောင်ပေးတာ၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးတာတွေ ရပ်တန်းကရပ်ဖို့၊ နံပါတ်ငါးအနေနဲ့ မြန်မာ့နိုင်ငံရေးကို မြန်မာနိုင်ငံကသာ ဖြေရှင်းရမှာဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးကိုဖြေရှင်းတဲ့ မည်သည့် နိုင်ငံခြားစွက်ဖက်မှုမျိုးကိုမှ ပြည်သူတွေက အလိုမရှိလို့ မြန်မာ့နိုင်ငံရေးကို ပြင်ပက စွက်ဖက်နေတဲ့ ထောက်ပံ့နေတဲ့ နိုင်ငံမှန်သမျှ ဒီနေရာကနေ ရပ်တန်းကရပ်ပါ”လို့ ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဇော်ဇော်အောင်က တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ဟာ ဒီမိုကရေစီအရေးလုပ်တယ်ဆိုပေမဲ့ တကယ့်ရည်ရွယ်ချက်က ကမ္ဘာ့နိုင်ငံတွေ သူတို့ကို ဩဇာခံဖို့လုပ်နေတာကို တွေ့ရသလို သူတို့ဩဇာမခံတဲ့ အစိုးရတွေဖြုတ်ချပြီး သူတိုခိုင်းသမျှလုပ်မဲ့ ရုပ်သေးအစိုးရတွေတင်နိုင်ဖို့ ဒေါ်လာဘီလျံပေါင်းများစွာ သုံးပြီး ကြိုးပမ်းနေတာ၊ မြန်မာနိုင်ငံမှာလည်း ၂၀၀၇ ခုနှစ်ကစပြီး အမေရိကန်ရဲ့ တွန်းအားပေးမှုနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအမည်ခံ ရောင်စုံတော်လှန်ရေးတွေ စတင်လာခဲ့သလို NLD အစိုးရဟောင်း လက်ထက်မှာလည်း အမျိုးဘာသာသာသနာ မှေးမှိန်ပြီး ပြည်ပယဥ်ကျေးမှုတွေ သွတ်သွင်းခံရ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအမည်ခံ ရောင်စုံတော်လှန်ရေးတွေက အမေရိကန်ဩဇာခံနိုင်ငံအဖြစ် ထွက်ပေါ်လာဖို့ လုပ်ဆောင်တာကိုလည်း ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်က ရှင်းပြပြီး နိုင်ငံတော်ကြီး ပြိုလဲပျက်စီးသွားတဲ့အဆင့်ထိ မရောက်ဖို့ အမေရိကန် စွက်ဖက်နေတဲ့ ဂျော့ဆိုးရော့စ်လိုဖောင်ဒေးရှင်းတွေ၊ NGO တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကတစ်ဆင့် ထောက်ပံ့နေမှုတွေ အမေရိကန်က ရပ်တန်းက ရပ်ဖို့လည်း တောင်းဆိုတာလို့ ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်က သတင်းပြန်ကြားရေးတာဝန်ခံ ဦးဇော်ဇော်အေင်က ရှင်းပြပါတယ်။

အမေရိကန်က SAC အစိုးရကို ဖိအားပေးဖို့ စီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်ဆိုပေမဲ့ အဓိကခံနေရတာ ပြည်သူတွေဖြစ်နေသလို ဒီလိုမျိုးအောက်ခြေပြည်သူတွေကြားမှာ အမေရိကန်ဒုက္ခပေးမှုကြောင့် အဆင်မပြေဖြစ်နေရတာတွေကို ပြည်သူလူထုက သိရှိနားလည်ပေမဲ့ ဖော်ထုတ်ပြောပြလို့ မရ ဖြစ်နေတာကြောင့်လည်း မြန်မာပြည်သူ့အသံ အမေရိကန်နိုင်ငံကြားစေချင်လို့ ဒီသတင်းစာ ရှင်းလင်းပွဲလုပ်ဆောင်တာလို့လည်း ပြည်သူ့အသံထုတ်ဖော်ရေးကွန်ရက်က ရှင်းပြပါတယ်။

မြန်မာနိုင်ငံထက် အာဏာသိမ်းမှုအကြိမ်ရေများတဲ့ ထိုင်းနိုင်ငံမှာ အမေရိကန်ဟာ အာဏာသိမ်းတိုင်း စီးပွားရေးပိတ်ဆို့တာမျိုး မလုပ်သလို ထိုင်းအာဏာသိမ်းအစိုးရကို တိုက်ခိုက်မဲ့ လက်နက်ကိုင်တွေ မွေးမထုတ်ဘဲ ရွေးကောက်ပွဲပြန်လုပ်ဖို့နဲ့ အာဏာသိမ်းအစိုးရကို ဘက်ပင်းပြီး ရွေးကောက်ပွဲလုပ်ဖို့နည်းလမ်းနဲ့ ချည်းကပ်ပြီး မြန်မာနိုင်ငံမှာတော့ စီးပွားရေးပိတ်ဆို့တာနဲ့ လက်နက်ကိုင်တိုက်ခိုက်မဲ့သူကို မွေးထုတ်တာ ဖိအားပေးတာကို လုပ်ပါတယ်။ ဒီလိုကွာဟချက်ကြောင့်ပဲ ထိုင်းနိုင်ငံဟာ တိုးတက်နေပြီး မြန်မာနိုင်ငံကတော့ ပိုပိုစုတ်ပြတ်မွဲတေလာပါတယ်။ လက်ရှိမှာလည်း အမေရိကန်မွေးထုတ်ပေးထားတဲ့ NUG ၊ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မူဝါဒက အလုံးစုံပျက်သုဉ်းရေးဖြစ်နေလို့ ဒီမူဝါဒမရပ်သရွေ့ ပိုပို ပြိုပျက်နေတဲ့ နိုင်ငံတော်ဖြစ်နေပါလိမ့်ဦးမယ်ဆိုတာ မြန်မာပြည်သူတွေ တွေးဆဖို့လိုပါတယ်။

ရွေးကောက်ပွဲပျက်ပြားစေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့ ၂၄ ပါတီ

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာတွေရှိနေတာကြောင့် ပြန်လည်စိစစ်ဖို့ ကြိမ်ဖန်များစွာ ညှိနှိုင်းခဲ့ပေမဲ့ လုပ်ဆောင်မပေးတာကြောင့် တပ်မတော်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစ အာဏာထိန်းသိမ်းချိန်မှာ NCA မှာ မပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သွေဖည်သွားသူတွေ၊ ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ သူတို့လက်အောက်ခံအကြမ်းဖက်အဖွဲအစည်းတွေက နှစ်နှစ်တာကာလအတွင်း ပြည်သူ ၈,၉၂၈ ဦးကို အနိုင်ကျင့်သတ်ဖြတ်ခဲ့သလို မီးရှို့၊ ဖျက်ဆီး၊ ဖောက်ခွဲတိုက်ခိုက်မှု ၁၂,၄၃၇ ကြိမ်လုပ်ဆောင်မှုအပေါ် ကန့်ကွက်ရှုတ်ချတယ်လို ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ခုက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပါတီ ၂၄ ခု ထုတ်ပြန်ကြေညာချက်အရ အကြမ်းဖက်အဖွဲ့အစည်းတွေ တိုက်ခိုက်ဖျက်ဆီးမှုတွေဟာ လူနေအိမ်၊ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေ မီးရှို့ ဖျက်ဆီးမှု ၁၆၆၁ ကြိမ်၊ စက်ရုံ/ အလုပ်ရုံ/ စူပါမားကတ်တွေ မီးရှို့ဖျက်ဆီးမှု ၄၄ ကြိမ်၊ ရုံး/ အဆောက်အဦတွေကို အကြမ်းဖက်တိုက်ခိုက်မှု ၁၀၉ ကြိမ်၊ လမ်း/တံတားတွေကို ဖောက်ခွဲဖျက်ဆီးမှု ၈၅၆ ကြိမ်၊ ဌာနဆိုင်ရာရုံး/ အဆောက်အဦ မီးရှို့ဖျက်ဆီးမှု ၉၇၆ ကြိမ်၊ လက်ပစ်ဗုံး/ လက်လုပ်ဗုံး ပစ်ခတ်မှု/ တွေ့ရှိမှု ၁၉၄၆ ကြိမ်၊ ကျောင်း/ ရုံး/ အခြားနေရာ လက်ပစ်ဗုံး ပစ်ခတ်မှု (ကွဲ/ မကွဲ/ တွေ့ရှိ) ၆၈၄၅ ကြိမ်နဲ့ အပြစ်မဲ့ပြည်သူတွေကို အနိုင်ကျင့်မှု၊ သတ်ဖြတ်မှု ၈၉၂၈ ဦး အထိရှိတယ်လို့ နိုင်ငံရေးပါတီ ၂၄ ခုက ပြောပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်ပျက်စီးစေမဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ ဆန့်ကျင်၊ ကန့်ကွက်၊ ရှုတ်ချတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ခုက သဘောထားထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ NLD, NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့ မြို့က ၅၀ လောက်ရှိပြီဖြစ်သလို မြို့ ၅၀ နဲ့ ရွာ ၁၀၀၀၀ လောက်ကလည်း မွမွကြေနေပါပြီ။ ဒူဝါလရှီးလစကားအရ နှစ်ဖက်စလုံးက လက်နက်ကိုင်တွေနဲ့ ပြည်သူ ၆၀၀၀၀ လောက်ကလည်း အသက်ပေးထားရသလို နိုင်ငံပိုင် လမ်းတွေ၊ တံတားတွေ၊ အဆောက်အအုံတွေကလည်း ဖျက်ဆီးခံရတာ ထောင်နဲ့ချီနေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးက မကြာခင်မှာ မြောက်ပိုင်းသုံးဖွဲ့စလုံးနဲ့ အပစ်ရပ်ပြီးသွားရင် NUG နဲ့ K3C (ကချင်၊ ကယား၊ ကရင်၊ ချင်း) နဲ့သာ ဆက်တိုက်တော့မှာမို့လို့ ဇာတ်မြောကြီးလည်း ဖြစ်နေပြီး စစ်ပွဲတွေကို ထောက်ခံနေသရွေ့ တစ်နိုင်ငံလုံးက အထိနာနေဦးမှာပါ။ ဒီကြားမှာ စစ်မှုထမ်းဥပဒေကြောင့်လည်း လူငယ်တွေရော၊ မိသားစုတွေပါ အခက်ကြုံနေရချိန်မှာ ဒီလိုဖြစ်ရပ်ဆိုးတွေ အခက်ကြုံမှုတွေနဲ့ ဇာတ်မြောနေမဲ့အခြေအနေအားလုံးရဲ့ တစ်ခုတည်းသောထွက်ပေါက်က ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲလုပ်ပြီးတဲ့အချိန် တက်လာတဲ့ ရွေးကောက်ခံအစိုးရကပဲ မြန်မာ့အချုပ်အခြာအာဏာနဲ့ နယ်မြေပဲ့မထွက်အောင်၊ Confederate လိုချင်မှုနဲ့ နယ်မြေလု လက်နက်ကိုင်အုပ်ချုပ်ချင်သူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲသွားဖို့ ဆင့်ခေါ်ဆွေးနွေးနိုင်မှာဖြစ်သလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရှိလာမှပဲ စစ်မှုထမ်းဥပဒေဆိုင်းငံ့ဖို့ ဆွေးနွေးနိုင်မှာပါ။ ဒီအခြေအနေအားလုံးမှာ NUG နဲ့ K3C ကိုယ်တိုင်ကလည်း တပ်နဲ့ ညှိနှိုင်းမယ်လို့ ဘုံသဘောတူညီချက်ထုတ်ထားချိန်မှာ ဘာကြောင့်များ နိုင်ငံနဲ့ပြည်သူပဲ ပျက်စီးမဲ့လမ်းပေါ် ဆက်လျှောက်ချင်နေကြသလဲ တွေးတောချိန်တန်ပြီလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ…။

Leave a Reply

Your email address will not be published. Required fields are marked *