၁၂. ၃. ၂၀၂၄
Written by Phyo Wei

ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်(AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တက္ကနတ်ဆိပ်ကမ်းကနေတစ်ဆင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစ ရပ်တန့်သွားခဲ့တဲ့ ဒီတစ်ပတ်မှာ ပြည်တွင်း နိုင်ငံခြားငွေဈေးကွက်အတွင်း ငွေလဲလှယ်နှုန်း ကွာဟချက်ကျဉ်းမြောင်းစေဖို့ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နဲ့ တရုတ်ယွမ်တွေကို ရောင်းချပေးတာအပြင် ဝယ်ယူပေးတာကိုပါ ပြုလုပ်သွားမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လာတယ်။

အခြားတစ်ဖက်မှာလည်း ဘဏ္ဍာနှစ်ကုန်ဆုံးဖို့ တစ်လသာကျန်ရှိချိန် ကုန်သွယ်မှုလျာထားချက် ပြည့်မီဖို့ ဒေါ်လာ ၄ ဘီလျံခွဲကျော် လိုအပ်နေတဲ့ဖြစ်စဉ်တွေ၊ ပြည်တွင်းကထွက်ရှိလာတဲ့ ဝါတွေကို ကုန်‌ချောချည်နဲ့ ပိတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဆောင်ရွက်သွားမယ်ဆိုတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ရွှေကို အရောင်းအဝယ်ပြုလုပ် စျေးကစားနေသူတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖိုအတွက် ဗဟိုဘဏ်က လုပ်ဆောင်နေတဲ့အကြောင်း၊ မြန်မာအမျိုးသမီး ဆယ်သန်းလောက် အကူအညီလိုအပ်နေတဲ့အကြောင်းနဲ့ ကုလားတန်ဆိပ်ကမ်းအတွက် အိန္ဒိယဘက်က ခြေလှမ်းသစ်ရွှေ့လှမ်းဖို့ ကြိုးပမ်းနေတာတွေကို သုံးသပ်ချင်ပါတယ်။

အရေးကြီးကုန်စည်ဥပဒေနဲ့ ထိန်းကျောင်းလာမဲ့ ပြည်တွင်းပြည်ပရွှေရောင်းဝယ်မှု

လက်ရှိမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၂၁၇၂ ဒေါ်လာအထိ ခုန်တက်ခဲ့သလို ပြည်တွင်းရွှေဈေးဟာလည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၁ သိန်းခန့်အထိ ခုန်တက်လာခဲ့ပြီး ၂၀၂၁ ဇန်နဝါရီက တစ်ကျပ်သား ၁၃ သိန်းကျော်နဲ့ဆို သုံးနှစ်အတွင်း အဆပေါင်းများစွာ တက်လာခဲ့တာ တွေ့ရသလို လက်ရှိမှာ ဈေးနှုန်းအတက်အကျ ပြောင်းလဲမှုတွေလည်း အလွန်မြန်ဆန်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ဒီလိုတက်စျေးမှာ ရွှေဆိုင်တွေကအဝယ်ပိတ်ပြီး ရောင်းချမှုပဲလုပ်နေတာကြောင့် စျေးကစားဆွဲတင်နေတာတွေ လုပ်နေကြတယ်ဆိုတာ ပေါ်လွင်မြင်သာစေပါတယ်။

ဒါကြောင့်မို့လို့ ရွှေကို အရောင်းအဝယ်ပြုလုပ် စျေးကစားနေသူတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖိုအတွက် ပြည်တွင်းပြည်ပ ရွှေရောင်းဝယ်မှုတွေကို အရေးကြီးကုန်စည် ဥပဒေနဲ့ ထိန်းကျောင်းနိုင်ဖို့ ဗဟိုဘဏ်က ကြိုးပမ်းနေပြီး ဒီလိုကြိုးပမ်းနေပေမဲ့ ရွှေကို သာမန်ပြည်သူတွေက လက်ဝတ်ရတနာအဖြစ် ဝယ်ယူတဲ့အပေါ် သက်ရောက်မှုမရှိဘဲ ရွှေကို ငွေကြေးအသွင် တိုက်ရိုက်အသုံးပြု ဈေးကစားသူတွေကို ထိန်းကျောင်းဖို့ လုပ်ဆောင်တာလို့လည်း ဆိုပါတယ်။

ပြည်တွင်းပြည်ပ ရွှေရောင်းဝယ်မှုကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် အ‌ရေးကြီးကုန်စည်နဲ့ ဝန်ဆောင် မှုဥပဒေအရ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်မှုတွေကို ချိုးဖောက်လို့ရှိရင် ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိ ချမှတ်ရမယ့်အပြင် ကျပ်ငါးသိန်းထက် မပိုတဲ့ဒဏ်ငွေကိုပါ ချမှတ်ခံရမှာဖြစ်သလို ဗဟိုဘဏ်အနေနဲ့ ရွှေကိုထိန်းကျောင်းဖို့ ကြိုးပမ်းမှု ဘယ်လောက်အောင်မြင်မလဲဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။

အကူအညီလိုနေတဲ့ မြန်မာအမျိုးသမီး ဆယ်သန်း

မြန်မာနိုင်ငံမှာ အလွန်များပြားတဲ့ အံ့ဩဖွယ်အရေအတွက်အဖြစ် အမျိုးသမီးနဲ့ မိန်းကလေးငယ်ဦးရေ ၉ ဒသမ ၇ သန်းဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေရှိနေပြီး တုံ့ပြန်ဖြေရှင်းဆောင်ရွက်ဖို့အတွက် အမျိုးသမီးရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ မရှိမဖြစ် အလွန်အရေးပါပေမဲ့လည်း မြန်မာနိုင်ငံကရရှိတဲ့ တရားဝင်ဖွံ့ဖြိုးရေး အကူ အညီတွေထဲ ၀ ဒသမ ၆၈ ရာခိုင်နှုန်းသာ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေဆီကို ရောက်တယ်လို့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ထုတ်ပြန်မှုမှာ ဖော်ပြလာပါတယ်။

ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်ရှိတဲ့နိုင်ငံမှာ အမျိုးသမီးက သန်း ၃၀ လောက်ရှိနေတာဖြစ်ပြီး အမျိုးသားတွေထက် ၄ သန်းနီးပါးများသလို လက်ရှိမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုနေတဲ့ အမျိုးသမီး ဆယ်သန်းနီးပါးဟာ မြန်မာ့အမျိုးသမီးထုရဲ့ ၃၃ ရာခိုင်နှုန်းလောက်ရှိနေတဲ့အပြင် သုံးနှစ်ကျော် မပြီးဆုံးသေးတဲ့ စစ်ပွဲတွေကြောင့် လူဦးရေ ၁၃ သန်းကျော်က စားဝတ်နေရေးဖူလုံမှုမရှိသလို လူဦးရေ ၂ ဒသမ ၆ သန်းကျော်ကလည်း နေရပ်စွန့်ခွာထွက်ပြေးနေရတာပါ။

အခြားတစ်ဖက်မှာလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးတွေရဲ့ အင်အားကိုပါရယူပြီး လိုအပ်တဲ့ကဏ္ဍတွေမှာ ပါဝင်ခွင့်ပေးရမယ်ဆိုတဲ့အခြေအနေမှာ မြန်မာ့အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် ၁၀ သန်းလောက်ဟာ အဖယ်ကျဉ်ခံရဆုံးသောလူတွေထဲ ပါဝင်နေပြီး အကျပ်အတည်းတွေကြောင့် ကျား-မ ကွာဟမှုကို သက်ဆိုးရှည်စေခဲ့သလို လူကုန်ကူးမှု၊ ကျား-မ အခြေပြုအကြမ်းဖက်မှု(GBV)နဲ့ အရွယ်မတိုင်မီ အဓမ္မ လက်ထပ်စေခိုင်းမှု ခံရနိုင်ခြေ တိုးပွားလာတာတွေကြောင့် ဆင်းရဲနွမ်းပါးမှုဒဏ်နဲ့ ဘေးကင်းလုံခြုံမှု မရှိတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို စုပြုံခံကြရတယ်လို့ ကုလသမဂ္ဂက ပြောလာတဲ့အခြေအနေတွေဟာ လက်ရှိနိုင်ငံရေးအကျပ်အတည်းမှာ အမျိုးသမီးတွေအပေါ် အဓိက ထိခိုက်တာကို ပြဆိုခဲ့သလို အမျိုးသမီးတွေအားကိုယူပြီး နိုင်ငံတိုးတက်ဖို့ဆိုရင်တောင် အခုလိုမျိုး အကူအညီလိုသူ ဆယ်သန်းကို ဘယ်လိုထူမတ်ကြမလဲက စ စဉ်းစားရမဲ့ သဘောပါပဲ။

ကုလားတန်ဆိပ်ကမ်းအတွက် အိန္ဒိယခြေလှမ်း

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က မြို့ခုနစ်မြို့ကို AA က သိမ်းခဲ့သလို တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့နဲ့ ညှိနှိုင်းနေချိန်မှာ AA နဲ့ တပ်အကြား တိုက်ပွဲတွေရပ်သွားနိုင်တာ၊ နယ်မြေပိုင်းခြားရတော့မဲ့ အလား အလာကို အိန္ဒိယကမြင်လာချိန်မှာ သူတို့ရဲ့အရှေ့မျှော်စီမံကိန်းအတွက် အရေးပါတဲ့ ကုလားတန်ဆိပ်ကမ်းစီမံကိန်းနဲ့ ပတ် သက်ပြီး အရင်ကလို အစိုးရတစ်ခုတည်းနဲ့ မတွေ့တော့ဘဲ ကဏ္ဍစုံကလူတွေနဲ့ ထိတွေ့ဖို့ အိန္ဒိယနိုင်ငံဘက်မှာ လှုံ့ဆော်လာပါတယ်။

အခြားတစ်ဖက်မှာလည်း အိန္ဒိယလွှတ်တော်အမတ်တွေကိုယ်တိုင်ကလည်း AA လက်နက်ကိုင်အဖွဲ့တွေနဲ့ ကွင်းဆင်းတွေ့ဆုံလာတာမြင်ရပြီး AA ကိုယ်တိုင်ကလည်း တစ်ချိန်က တရုတ်ရဲ့ ဩဇာခံမို့လို့ စူပါပါဝါပြိုင်ဘက်အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းကို ဖျက်ဆီးနှောင့်ယှက်မှုပဲ မြင်ခဲ့ရပေမဲ့ လက်ရှိမှာတော့ ဒီလိုအရေးပါတဲ့ အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုရဲ့ မဟာဗျုဟာမြောက်ဆုံချက်ဖြစ်နေတာကို သတိပြုမိလာပုံရပြီး ချင်းပြည်နယ်၊ ပလက်၀မြို့ကိုပါ ချင်းလက်နက်ကိုင်တွေ တိုက်ထုတ်ပြီး စီမံကိန်းရဲ့ ဗဟိုချက်တစ်ခုလုံးကို ချုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းလာတာမြင်ရပါတယ်။ ဒီအတွက်လည်း AA က သူ့ကိုယ်သူ အကြမ်းဖက်သောင်းကျန်းသူ၊ မူးယစ်ရာဇာဆိုတဲ့ အမြင်တွေကို အစိုးရတွေရဲ့ အသိအမှတ်ပြုမှုဆိုတာနဲ့ ခွာချဖို့ ကြိုးပမ်းလာနေတာကိုလည်း တွေ့မြင်ရတာကြောင့် လက်ရှိအခင်းအကျင်းမှာ AA ကပဲ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းနဲ့ တရုတ်ရဲ့ ကျောက်ဖြူစီမံကိန်းတွေမှာ အရေးပါတဲ့ အသိအမှတ်ပြုလက်နက်ကိုင်အဖွဲ့အဖြစ်ရပ်တည်သွားမလား၊ လက်ရှိအချိန်အထိ အကြမ်းဖက်သောင်းကျန်းသူလို့ သုံးနှုန်းခေါ်ဝေါ်နေဆဲအခြေအနေနဲ့ AA ထိန်းချုပ်ထားတဲ့မြို့တွေ ပြန်သိမ်းပြီး သောင်း ကျန်းသူ AA ကို ခရုဆံကျွတ်ပြန်လုပ်ပြနိုင်မလားဆိုတာကတော့ သမိုင်းစာမျက်နှာမှာပဲ စောင့်ကြည့်ရမဲ့အခြေအနေပါလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ….။

Leave a Reply

Your email address will not be published. Required fields are marked *