ပြင်ပရွှေဈေး ကျပ်သိန်း ၄၀ ကျော်ဖြင့် ရွှေဝယ်ယူ၍သာရပြီး ပြန်ရောင်းလျှင်မရဟု ဆို

၁၂. ၃. ၂၀၂၃
Written by Ye Kyaw

ပြင်ပ‌ရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၁ သိန်းအထိ မြင့်တက်လာချိန် သတ်မှတ်ဈေးနှုန်းအထက် အရောင်းအဝယ်ပြုလုပ်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ယနေ့တွင် အသိပေး ကြေညာထားသည်။

“ကျွန်တော်တို့က သူ့ပေါက်ဈေးတွေနဲ့ အကုန်လုံး တွက်ချက်ပေးထားတာပေါ့။ အဲဒါကို ဈေးကစားတဲ့သူတွေက ဈေးတင်ပြီး ဈေးကွက်ကို ကသောင်းကနင်းဖြစ်အောင် လုပ်တာပေါ့။ အဲဒါမျိုးကို ဗဟိုဘဏ်ကလည်း ထုတ်ပြန်ထားတယ်။ ဗဟိုဘဏ်ကနေပြီး အခုသက်ဆိုင်ရာဌာနတွေကိုလည်း ဆက်ခိုင်းထားတယ်ပေါ့။ အထူးစုံစမ်းစစ်ဆေးရေးဌာနရှိတယ်။ ကျွန်တော်တို့ ဒီဘက်က ထွေအုပ်ရှိတယ်ပေါ့။ သတ္တုအာဏာပိုင် အဖွဲ့အစည်းတွေရှိတယ်။ အဲဒါတွေကနေ စစ်ဆေးပြီးတော့ ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောသည်။

YGEA ၏ ထုတ်ပြန်ချက်တွင် “ယနေ့ရွှေဈေးကွက်အတွင်းတွင် YGEA သတ်မှတ်ဈေးနှုန်းအောက်တွင်သာ အရောင်းအဝယ် ပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ကောလာဟလ အခြေအမြစ်မရှိ သတင်းအမှား အမျိုးမျိုးကြောင့် ပြင်ပဈေးကွက် ရောင်းဝယ်သူများမှ ဈေးကစား၍ ရွှေဈေးနှုန်းကို ဆွဲတင်/ဆွဲချလျက်ရှိပါသည်။ သတင်းအဖြစ်အပျက် အမှန်များကို ဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဈေးကစားသူများအနေဖြင့် ကောလာဟလများ လွှင့်ထုတ်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြပါရန် ပန်ကြားအပ်ပါသည်။” ဟု ဖော်ပြထားသည်။

မတ်လ ၁၂ ရက်(ယနေ့) မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ထုတ်ပြန်ထားသည့် YGEA ၏ သတ်မှတ်ရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၇၉၆,၆၀၀ ဖြစ်သော်လည်း ပြင်ပရွှေဈေးကွက်တွင် ကျပ် ၄၁ သိန်းအထိ ဈေးနှုန်းဖွင့်လှစ်ထားမှုများရှိသည်။ ပြင်ပရွှေဈေး ကျပ် ၄၁ သိန်းအထိ ဈေးနှုန်းဖွင့်လှစ်ထားသည့် ရွှေဆိုင်များအနေဖြင့် ရွှေသွားရောင်းလျှင် မဝယ်ယူဘဲ ရွှေသွားဝယ်လျှင်သာ ရောင်းချနေမှုများလည်း ရှိကြောင်း သိရသည်။

“အပြင်မှာ ရွှေဈေးသိန်း ၄၀ ကျော်က အဲဒါကတော့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ဆိုင်တွေမှာ သွားပြီးတော့ စုံစမ်းလို့ရပါတယ်။ ခင်ဗျားက ရောင်းမယ်ဆိုလို့ရှိရင် အဲဒီဆိုင်တွေက ကျွန်တော်တို့ မဝယ်ပါဘူး။ ဒါက ကျွန်တော်တို့က ကြားတဲ့ဈေးလေးတင်ပေးတာပါ။ ခင်ဗျားက ဝယ်မယ်ဆိုရင်တော့ သူတို့ အပြေးလေးလာရောင်းတာ။ အဲဒါမျိုး ဈေးကွက်ကို ဂျင်းထည့်နေကြတာ” ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ထို့ကြောင့် ဗဟိုဘဏ်က ကောလာဟလများ ဖြေရှင်းပြီးနောက် ကျပ် ၃၉ သိန်းအောက်သို့ ပြန်ကျခဲ့သည့် ပြည်တွင်းရွှေဈေးဈေးသည် ကမ္ဘာ့‌‌ရွှေဈေး မြင့်တက်နေချိန်ဖြစ်သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြင်ပဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၉ သိန်းသို့ ပြန်လည်မြင့်တက်ခဲ့ရာမှ ဆက်တိုက်မြင့်တက်ခဲ့ပြီး မတ်လ ၆ ရက်တွင် ကျပ်သိန်း ၄၀ အထိ မြင့်တက်ခဲ့သည်။ မတ်လ ၁၂ ရက်(ယနေ့) နံနက်ပိုင်းတွင် ကျပ် ၄,၀၈၅,၀၀၀ သာရှိခဲ့ရာမှ ညနေပိုင်းတွင် ကျပ် ၄၁ သိန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News