၁၂. ၃. ၂၀၂၄
Written by Hey Mar

YBS 58 မြို့ပတ်ကားကို အနုကြမ်းစီးဓားပြတိုက်တဲ့ဖြစ်စဥ် ဒီနေ့ မတ်လ ၁၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်က ပုဇွန်တောင် ညောင်တန်းအိမ်ရာအကျော် ၆၃ မှတ်တိုင် အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ အဆိုပါဖြစ်စဥ်မှာကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက MT News ကို ပြောပါတယ်။

အနုကြမ်းစီးသူတွေက သက်လတ်ပိုင်း အမျိုးသားနှစ်ဦးဖြစ်ကာ မျက်နှာကို မက်စ်တပ်ဆင်ထားပြီး ကားပေါ်တက်လာကတည်းက ယာဥ်မောင်းဘေးမှာ ရပ်နေခဲ့ကြောင်း၊ လူပြတ်တဲ့ ပုဇွန်တောင်ညောင်တန်းအိမ်ရာဘက်အရောက် ယာဥ်မောင်းအနီးရပ်နေသူက ပုလင်းကိုခွဲကာ ယာဥ်မောင်းအား ကားတံခါးပိတ်သော့ပိတ်ပြီး မှတ်တိုင်အကျော်နား ကားရပ်စေခဲ့ကြောင်း၊ အဲဒီနောက် အတူပါလာသူ နောက်တစ်ဦးက လက်ကို အိတ်ထဲနှိုက်ကာ ခရီးသည်တွေ ဘက်လှည့်ပြီး ပိုက်ဆံအိတ်၊ ဖုန်းနဲ့ ၊ ရွှေလက်ဝတ်လက်စား ဝတ်ဆင်ထားပါက ဖြုတ်ခိုင်းကြောင်း၊ ယာဥ်ပေါ်မှာ ထိုင်ခုံပြည့် ခရီးသည်ပါလာပြီး မတ်တပ်ရပ်စီးတဲ့ ခရီးသည်မရှိကြောင်း၊ ခရီးသည်တွေလည်း မှင်သက်ကြောက်ရွံ့နေကြကြောင်း စသဖြင့် ပြောပြပါတယ်။

အဆိုပါဖြစ်စဥ်ကို ကြုံတွေ့ခဲ့ရသူ အမျိုးသမီးက “မိနစ်ပိုင်းလောက်ပေမယ့် တကယ်ကို ကြောက်ရွံ့ခဲ့ရတယ်။ မြို့လယ်ခေါင်မှာတောင် ဘယ်လိုတွေ ဖြစ်နေရပြီလဲ။ ကျွန်မတို့ကို ကားက မဆလာစက်အကျော်မှာ ဆင်းခိုင်းလို့ ဆင်းခဲ့ကြရတယ်။ ဒီဖြစ်စဥ်မှာ ဘာမှ သေချာတဲ့ အရေးယူမှုသာ မရှိရင်တော့ ကျွန်မတို့ ပြည်သူတွေ အတော်ဒုက္ခများပြီ။ အကုန်လုံးက ရင်ထိတ်နေရတယ်။ တက္ကစီလည်း တက္ကစီမို့။ သူကလည်း ကိုယ့်ကိုကြောက်တယ် ကိုယ်ကလည်း သူ့ပြန်ကြောက်တယ်။ ပစ္စည်းယူသွားတာ ပြဿနာမကြီးသေးဘူး လူကိုပါ ဒုက္ခပေးကြရင် ဘဝဆုံးရမှာ ဘယ်လို လုပ်ကြမလဲ ” လို့ သူဖြစ်ပျက်ခဲ့တာကို ထိတ်လန့်တကြားပြောပြပါတယ်။

အဆိုပါဖြစ်စဥ်ကို MT News အနေနဲ့ ကာယကံရှင် ပြောပြတဲ့ဖြစ်စဥ်အရသာ အတည်ပြုနိုင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ အသေးစိတ်ဖြစ်စဥ်ကို တာဝန်ရှိသူတွေထံ ဆက်လက်အတည်ပြုစုံစမ်းနေပြီး ဖြစ်စဥ်အမှန်အသေးစိတ်ကို ဆက်လက်ဖော်ပြပေးပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *