လက်ရှိတွင် ပြည်ပထွက်ခွာ အလုပ်သမားများ ပိုများနေသော်လည်း ထိခိုက်မှုအနည်းငယ်သာရှိဟု တုံ့ပြန်

၂. ၃. ၂၀၂၄
Written by Ye Kyaw

မတည်ငြိမ်မှုနှင့် အော်ဒါအသစ်များ ကျဆင်းလာခြင်းကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုများ ယုံကြည်မှု ကျဆင်းလာခဲ့သည့်အပြင် စစ်မှုထမ်းဥပဒေထုတ်ပြန်ခြင်းကြောင့် ပြည်ပထွက်ခွာ အလုပ်သမားများ ပိုမိုများလာ၍ အလုပ်သမားရှားပါးမှုကိုပါ ထပ်မံရင်ဆိုင်နေရကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်အစိုးရမှ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေက နိုင်ငံ့တစ်ဝန်း တောက်လောင်နေတဲ့ ပြည်တွင်းစစ် ပြီးဆုံးရန် ဝေးနေသေးကြောင်းနဲ့ လက်တွေ့မှာ အရှိန်မြင့်လာနိုင်ကြောင်းကို မီးမောင်း ထိုးပြနေတယ်။ ကျင့်သုံးမည့် ဥပဒေရဲ့ အကျိုးသက်ရောက်မှုကို PMI တိုင်းတာမှုများထဲမှာ အကြီးအကျယ် ခံစားရတယ်။ အများစုရဲ့ ထောက်ပြချက်အရ အလုပ်သမားများဟာ သူတို့ရဲ့ ဇာတိနေရပ်သို့ ပြန်သွားခြင်း ဒါမှမဟုတ် တပ်မတော်တွင် အမှုထမ်းရန် ခေါ်ခံရမှာကို ရှောင်ရှားဖို့ နိုင်ငံခြားသို့ ထွက်ကြခြင်းတို့ကြောင့် နုတ်ထွက်မှုများ များပြားလာတယ်။ ဒါ့အပြင် ကုမ္ပဏီများက အလုပ်သမား ရှားပါးနေကြောင်း အစီရင်ခံနေတဲ့ကြားမှာ စစ်မှုထမ်းဥပဒေဟာ အလုပ်သမားများ ပိုရှားပါးလာစေမှာပါ” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားသည်။

ပြည်ပသို့ အလုပ်သမားများ ထွက်ခွာမှုသည် ယခင်ကတည်းကရှိပြီး လက်ရှိတွင်မူ ပိုမိုထွက်ခွာလျက်ရှိသည်မှာ အမှန်ဖြစ်သော်လည်း ကျွမ်းကျင်လုပ်သားများသာ ဆုံးရှုံးခြင်းဖြစ်ကြောင်း၊ အခြေခံပညာ အထက်တန်းဖြေဆိုပြီး တက္ကသိုလ်ကို ဆက်မတက်နိုင်သေးသူများဖြစ်သည့် (Newborn) များအတွက် ပြည်တွင်းကုမ္ပဏီများအနေဖြင့် အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်ကြောင်း၊ ၎င်းတို့နှင့် ဆက်လက် လည်ပတ်နိုင်သည့် အခြေအနေများရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်သည့် Messe Frankfurt ၏ ပြင်သစ်နိုင်ငံ ကုန်စည်ပြပွဲများ မိတ်ဆက်ပွဲနှင့် Networking Dinner ပွဲတွင် ပြောထားသည်။

“မြန်မာလုပ်သားတွေ Migrate ဖြစ်တယ်။ တခြားနိုင်ငံကို ထွက်တယ်ဆိုတာ အခုရက်ပိုင်းမှာတော့ ပိုထွက်တာတော့မှန်ပါတယ်။ အရင်ကတည်းက ထွက်နေတာလည်း မှန်ပါတယ်။ အဲဒီတော့ Myanmar Garment Industry က လူငါးသိန်းကျော်၊ ခြောက်သိန်းကို ပေးနေတဲ့အခါမှာ ကျွန်တော်တို့ရဲ့ သန်းခေါင်စာရင်းအရဆိုရင် ၃၅ ရာခိုင်နှုန်းက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့ သန်း ၅၀ ကျော်ရဲ့ ၃၅ ရာခိုင်နှုန်းဟာ သန်း ၂၀ နီးပါးရှိပါတယ်။ အဲဒီသန်း ၂၀ နီးပါးထဲမှာ သိန်း ၂၀ ရှိတဲ့အထဲကနေ ကျွန်တော်တို့က ငါးသိန်းကျော်၊ ခြောက်သိန်း အလုပ်ပေးတာဖြစ်တဲ့အတွက် New Born လို့ပြောတဲ့ ၁၀ တန်းဖြေတော့မယ်။ ၁၀ တန်းဖြေပြီးတာနဲ့ ၁၀ ကို ဆက်မတက်နိုင်တဲ့သူတွေရှိမယ်။ ဒါတွေကလည်း ဆက်မတက်ဘူးလို့လည်း သန်းခေါင်စာရင်းအရလည်း ပြောတော့။ သူတို့အတွက်လည်း ကျွန်တော်တို့က လုပ်ငန်းခွင်နေရာတွေ ဖန်းတီးပေးရတယ်။ ကျွမ်းကျင်လုပ်သား ဆုံးရှုံးတာမှန်ပါတယ်။ လူတွေက မွေးကတည်းက ဘာမှ မတတ်ပါဘူး။ ဒါကို အထည်ချုပ်လုပ်ငန်းရှင်များအသင်းကလည်း သင်တန်းဖွင့်ထားပါတယ်။ ပြီးရင် Training for Trainer ဆိုပြီးတော့ စက်ရုံတွေမှာလည်း Training လိုင်းတွေဖွဲ့ထားတဲ့အတွက် ဒီအထည်ချုပ်နည်းပညာကို လက်ဆင့်ကမ်းရင်းနဲ့ New Plus တွေကို အလုပ်အကိုင်အခွင့်အလမ်းပေးရင်းနဲ့ Migrate ဆိုတဲ့ သွားတဲ့၊ ပျောက်သွားတဲ့လူတွေနေရာမှာ အစားထိုးဖို့ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ပြောကြားလိုပါတယ် ” ဟု ဦးမြင့်စိုးက ပြောသည်။

မြန်မာနိုင်ငံ၏ အဓိကကျသည့် ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် ဖေဖော်ဝါရီလတွင် ၄၆ ဒသမ ၇ ဖြင့် သုံးလအတွင်း အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဇန်နဝါရီလ၏ ၄၄ ဒသမ ၃ ထက် မြင့်တက်ခဲ့သော်လည်း မြန်မာ့ကုန်ထုတ်လုပ်‌ရေးကဏ္ဍ၏ အခြေအနေသည် လစဉ်ငါးလဆက်တိုက် ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်ဟု ဖော်ပြထားသည်။

အော်ဒါအသစ်များ ကျဆင်းမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလနောက်ပိုင်းတွင် အားအနည်းဆုံး ဖြစ်လာခဲ့သော်လည်း ခြုံကြည့်လျှင် ပြင်းထန်ခဲ့ပြီး ဝယ်လိုအား အားနည်းလာသည့်အခြေအနေသည် အဓိကအကြောင်းအရင်းဖြစ်ခဲ့ပြီး ဈေးဝယ်များထံတွင် ရှိနေသည့် ဘဏ္ဍာရေးအခက်အခဲများကို ညွှန်ပြနေကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုကြီးထွားလာခြင်းနှင့် လက်နက်ကိုင်တိုက်ပွဲများ အရှိန်မြင့်လာခြင်း စသည့် ပြည်တွင် အခက်အခဲများ ကြီးထွားလာနေခြင်းက လုပ်ငန်းဆိုင်ရာ ယုံကြည်မှုများကို ထိုးနှက်ခံရခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ခန့်မှန်းထားမှုနှင့် ပြောင်းပြန်ဖြစ်လာကာ လာမည့်တစ်နှစ်အတွင်း ထုတ်လုပ်မှု ကျဆင်းလာမည်ဖြစ်ကြောင်းလည်း ခန့်မှန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *