၂. ၃. ၂၀၂၄
Written by Pan Ei

ကမ္ဘာကျော် ပေါ့ပ်စတား ​​ရီဟားနားနဲ့ Meta ရဲ့ အကြီးအကဲ မာ့ခ်ဇူကာဘက် တို့ဟာ အာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်က သူရဲ့ သားငယ်မင်္ဂလာပွဲအကြိုအတွက် ကျင်းပတဲ့ပါတီပွဲတစ်ခုအတွက် အိန္ဒိယနိုင်ငံကို သောကြာနေ့က ရောက်ရှိခဲ့ကြပြီး တခြားသော ကမ္ဘာလုံးဆိုင်ရာက ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။

ဖိတ်ကြားထားတဲ့ တခြားဧည့်သည်တော်တွေထဲမှာ Disney အကြီးအကဲ Bob Iger၊ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရန့်ရဲ့ သမီး အိုင်ဗန်ကာထရန့်၊ ဆွီဒင်ဝန်ကြီးချုပ်ဟောင်း ကားလ်ဘလ်ဒ်၊ ကနေဒါဝန်ကြီးချုပ်ဟောင်း စတီဖင် ဟာပါနဲ့ ဘူတန်ဘုရင်တို့အပြင် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ပြီး သူတို့ဟာ ဘီလျံနာသူဌေးကြီး မူကက်ရှ် အမ်ဘာနီ က ကျင်းပတဲ့ သုံးရက်ကြာ ပါတီပွဲအတွက် တက်ရောက်သွားဖို့ရှိနေပါတယ်။

အဲ့ဒီ ပါတီပွဲကတော့ ဘီလျံနာသူဌေးကြီး မူကက်ရှ် အမ်ဘာနီရဲ့ သားငယ်ဖြစ်သူ Reliance ကုမ္ပဏီက ပိုင်ဆိုင်တဲ့ လုပ်ငန်းအများအပြားရဲ့ ဘုတ်အဖွဲ့တွေမှာ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Anant နဲ့ စေ့စပ်ထားသူ ချမ်းသာတဲ့ ဆေးဝါးလုပ်ငန်းရှင်ကြီးရဲ့ သမီးဖြစ်သူ Radhika Merchant တို့ရဲ့ မင်္ဂလာပွဲအကြို အခမ်းအနားတစ်ခုဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာပွဲအခမ်းအနားကိုတော့ အခုနှစ်နှောင်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အိန္ဒိယ မီဒီယာတွေက ထုတ်ဝေတဲ့ ဓာတ်ပုံတွေအရ ရီဟားနား၊ ဖေ့ဘွတ် တည်ထောင်သူ မာခ့်ဇူကာဘက်နဲ့ သူရဲ့ဇနီး Priscilla Chan တို့ဟာ အမ်ဘာနီ ရဲ့မွေးရပ်မြေ ဂျမ်နာဂါမြို့မှာ ရောက်ရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

သြဂုတ်လမှာ သူမရဲ့ဒုတိယမြောက် ကလေးငယ်ကိုမွေးဖွားခဲ့တဲ့ အဆိုတော် ရီဟားနား ဟာ ပြီးခဲ့တဲ့နှစ် Superbowl ဖျော်ဖြေပွဲပြီးနောက်ပိုင်း သူမရဲ့ပထမဆုံးသောလူထုဖျော်ဖြေမှုအဖြစ် အဲ့ဒီပါတီမှာ ဖျော်ဖြေသွားမယ်လို့ သိရပြီး သူမကို အဲ့ဒီအခမ်းအနားမှာ ဖျော်ဖြေဖို့ အမေရိကန်ဒေါ်လာ ၉ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၆၆ နှစ်အရွယ် အမ်ဘာနီ ဟာ ရေနံနဲ့ တယ်လီကွန်းကုမ္ပဏီကြီး Reliance Industries ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး Forbes ရဲ့ဘီလျံနာစာရင်းအရ ကမ္ဘာ့ ၁၀ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သလို သူ့ရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၁၁၆ ဘီလျံကျော်ရှိပါတယ်။

အမ်ဘာနီဟာ ၂၀၁၈ ခုနှစ်ကလည်း သူ့ရဲ့သမီးအတွက် အိန္ဒိယမှာ ဈေးအကြီးဆုံး မင်္ဂလာပွဲကျင်းပခဲ့ရာ အမေရိကန် ပေါ့ပ်စတား ဘီယွန်းစေးကိုလည်း ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *