၂. ၃. ၂၀၂၄
Written by Nyein Kyaw

အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မတ်လ ၁ ရက်တွင် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲ၌ အသိပေးပြောကြားခဲ့သည်။

ယခုလာမည့် မတ် ၁၁ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်တွင် မြန်မာစာ၊ မတ်လ ၁၂ ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၃ ရက်တွင် သင်္ချာ၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ ၁၅ ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ ၁၆ ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို ခြောက်ဘာသာလုံး နားရက် မရှိဆက်တိုက်ဖြေဆိုရမည်ဖြစ်ပြီး ထို့နောက် မတ်လ ၁၇ ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ ၁၈ ရက်တွင် လူမှုရေးသိပ္ပံနှင့် မတ်လ ၁၉ ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည့်ရက်အလိုက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် ၎င်းတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ၂၀၂၄-ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၇ )ရက်မှ စတင်ထုတ်ပေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News