September 21, 2024

MT News

Written by Tha Doe

မြန်မာနိုင်ငံတွင် ၄၀၀၀၀ ကျော် ရှိသည့် MSME လုပ်ငန်းများ မှန်မှန်ကန်ကန်လုပ်ဆောင်မည်ဆိုပါ ငွေချေးပေးရန် အသင့်ရှိကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။

MSME လုပ်ငန်းများကို မြန်မာနိုင်ငံတွင် အခြေခံကျကျဆောင်ရွက်၍ရသည်ကို တွေ့ရှိရပြီး အရင်းအနှီးနှင့်ပတ်သက်၍ လိုအပ်သည့် ငွေကြေးများကို အစိုးရအနေဖြင့် ချေးငှားဆောင်ရွက်ပေးနိုင်ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေများ မတည်ထူထောင်ပေးခဲ့ပြီး ကျန်ရှိသည့် ငွေများမှ MSME လုပ်ငန်းများနှင့် မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးရန် ရည်မှန်းထားကာ MSME လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက စည်းမျဉ်းစည်းကမ်းများရေးဆွဲ၍ ငွေကြေးများ ချေးငှားပေးရန် အဆင့်သင့်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ထုတ်ကုန်အများစုမှာ အရည်အသွေးဆိုင်ရာ အားနည်းမှုများရှိခြင်းကြောင့် ဈေးကွက်တွင် ဈေးနှုန်းရရှိမှု နည်းပါးပြီး အရည်အသွေးအားနည်းမှုများရှိခြင်းမှာ ကုန်ထုတ်လုပ်ရာတွင်အသုံးပြုသည့် စက်ကိရိယာ ပစ္စည်းများ၊ နည်းပညာနှင့် လူသားအရင်းအမြစ်များ အားနည်းခြင်းကြောင့်ဖြစ်သည်ကို တွေ့ရသည်။ ထို့ကြောင့် ထုတ်ကုန်များ အရည်အသွေးမီအောင်ဆောင်ရွက်ကြရမည်ဖြစ်ကာ ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ရာတွင် အစားအစာများ၊ အဖျော်ယမကာများ၊ အထည်အလိပ်နှင့် အထည်ထုတ်လုပ်မှု၊ သားရေထွက်ကုန်ပစ္စည်းများ၊ သစ်အချောထည်ပစ္စည်းများ၊ ဆေးဝါးနှင့်ရုက္ခဗေဒဆိုင်ရာပစ္စည်းများ၊ ရာဘာနှင့် ပလပ်စတစ် ဆိုင်ရာပစ္စည်းများ၊ သတ္တုမဟုတ်သည့် တွင်းထွက်ပစ္စည်းများ၊ အခြေခံသတ္တုပစ္စည်း များ၊ ပရိဘောဂပစ္စည်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်ပစ္စည်းများကို အခြေခံသည့် ပစ္စည်းများကို ထုတ်လုပ်ခြင်းသည် မိမိတို့နိုင်ငံအတွက် လက်တွေ့ကျကျ ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများဖြစ်သဖြင့် ပထမဦးစားပေးအနေဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ဒုတိယဦးစားပေး ထုတ်လုပ်မှုအနေဖြင့် ဆေးရွက်ကြီးနှင့် စီးကရက်ပစ္စည်းများ၊ စက္ကူထုတ်လုပ်ခြင်းများ၊ ရေနံစိမ်းနှင့် ကျောက်မီးသွေးထုတ်လုပ်ခြင်း၊ ဓာတုဗေဒပစ္စည်းနှင့် ဓာတုဗေဒထုတ်ကုန်များ၊ သတ္တုသန့်စင် ပစ္စည်းများထုတ်လုပ်ခြင်း၊ ကွန်ပြူတာနှင့် အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ မော်တော် ယာဉ်အမျိုးမျိုးနှင့် ပစ္စည်းတင်ယာဉ်အမျိုးမျိုး ထုတ်လုပ်ခြင်းနှင့် အခြားသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ယာဉ်များထုတ်လုပ်ခြင်းနှင့် အခြားပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ပထမဦးစားပေး တွင်ပါဝင်သည့် ပစ္စည်းများထုတ်လုပ်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် ကုန်ကြမ်းများ လုံလောက်စွာရှိပြီး ဖြစ်သော်လည်း ဓာတုဗေဒ ပစ္စည်းများထုတ်လုပ်ခြင်းနှင့် အချို့သော ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် အရင်းအနှီးများနှင့် နည်းပညာများ လိုအပ်လျက်ရှိနေသေးကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄ သောင်းကျော်ရှိ၍ အဆိုပါလုပ်ငန်းများ‌ အောင်မြင်စေရန် ဝန်ဆောင်မှုနှင့်ရောင်းဝယ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ကုန်များ ဈေးကွက်ရရှိရန်လိုအပ်နေသည်။ ထို့ပြင် မိမိတို့ နိုင်ငံ၏ MSME လုပ်ငန်းများကို အာဆီယံ၏ညွှန်းကိန်းများနှင့် သုံးသပ်ခဲ့သည်များရှိပြီး ရလဒ်ညွှန်းကိန်းများတွင် မိမိတို့နိုင်ငံသည် အချို့နေရာများ၌ အာဆီယံ ညွှန်းကိန်း၏ အနိမ့်ပိုင်းတွင်ရှိပြီး အချို့နေရာများတွင် အလယ်အလတ်အဆင့် အပိုင်းတွင် ရောက်ရှိနေသည်ကို တွေ့ရှိရသည်။ မည်သို့သော ညွှန်းကိန်းများ ပြနေသည်ဖြစ်စေ မိမိတို့အနေဖြင့် လက်တွေ့ကျသည့် အလုပ်ဖြစ်နိုင်သည့် MSME များဖြစ်ရန်လိုကြောင်း၊ အထူးသဖြင့် ထုတ်လုပ်မှုကို အခြေခံဖြစ်ပေါ်လာသည့် ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း သည် ၂၅ ရာခိုင်နှုန်းနှင့် ၁၆ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရှိရ၍ ထုတ်လုပ်မှုမှာ ၃၉ ရာခိုင်နှုန်းဖြစ်သဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာမည်ဆိုပါက ရောင်းဝယ်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှု လုပ်ငန်းမှာ ဝယ်ရောင်းသမားများဖြစ်ကြကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းထက် ဈေးရောင်းချသူများ များပြားကြောင်း၊ ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံအတွက် ပိုမိုအကျိုးရှိစေမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *