MT News

Written by Tha Doe

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်တွင် တပ်မတော်က ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း (RoE) ကို လိုက်နာကြောင်းနှင့် အရပ်သားများကိုတိုက်ခိုက်မှုမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ငြင်းဆိုထားသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KIA လက်နက်ကိုင် အဖွဲ့များနှင့် PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ထိတွေ့မှုဖြစ်ပွားစဉ် အပြစ်မဲ့ပြည်သူများအား လူသားတံတိုင်းသဖွယ် အကာအကွယ်ယူ၍ နေအိမ်များနှင့် ဘုန်းတော်ကြီး ကျောင်းအတွင်းတို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် PDF အကြမ်းဖက်သမားများအကြား အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီးအကြမ်းဖက်သမားများအနေဖြင့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များတွင် ခိုအောင်းနေထိုင်၍ အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင်ကာ အဆိုပါနေရာများအား ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများအတွက် စခန်းများအဖြစ် အသုံးပြုလေ့ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအနီး သွားရောက် ကင်းလှည့် စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် PDF အကြမ်းဖက်သမားများက စာသင်ကျောင်းမှ စတင်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် တပ်မတော်သားတိုင်းအနေဖြင့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း (RoE) ကို ကောင်းစွာသိမြင်နားလည်ပြီး၊ မြန်မာ့တပ်မတော်သည် RoE တွင် တင်းကြပ်စွာ တားမြစ်ထားသည့် လက်နက်မဲ့ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို မည်သည့် အခါမှ ကျူးလွန်ခြင်းမရှိပါ။ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူညီချက် နှင့်အညီ ကလေးသူငယ်များအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ပါရှိသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း ကလေးသူငယ်များ လုံခြုံရေးကို အစဉ်အလေးထားလျက် ရှိသည်။

အကြမ်းဖက်သမားများအနေဖြင့် ပြည်သူများ နှင့် နေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများအား အကာအကွယ် ရယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်။ အဆိုပါအကြမ်းဖက် လုပ်ရပ်များ ကျူးလွန်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူရေး ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *