April 28, 2024

MT News

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရောင်းချပေးနေသည့် တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်သာမက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင်ပါ စက်တင်ဘာ ၂၃ ရက်မှစတင်၍ လွတ်လပ်စွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

SAC က ရောင်းချပေးနေသည့် ရွှေဒင်္ဂါးပြားများအား လက်ရှိကာလအထိ ၄၅၅ ကျပ်သားကျော် ရောင်းချပေးထားပြီး အဆိုပါ ရွှေဒင်္ဂါးပြားများကို လက်တလောတွင် တစ်ကျပ်သား ကျပ် ၂၈ သိန်းဖြင့် ရောင်းချပေးနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

”စက်တင်ဘာ ၁၆ ရက်အထိတော့ ၄၅၅ ဒသမ ၇၅ ကျပ်သားရောင်းချထားပြီးဖြစ်ပါတယ်။ ရောင်းချပေးတဲ့ ပုံစံကတော့ တစ်ဦးကို မှတ်ပုံတင်ပြပြီး တစ်ပြားကို တစ် ကြိမ်နဲ့ လက်ငင်းငွေသားနဲ့ ရောင်းချပေးတာဖြစ်တယ်။ တစ်ပြားကို တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားပေါ့။ ရွှေဒင်္ဂါးပြားတွေကို စရောင်းတော့ တစ်ကျပ်သား ၂၉ သိန်းခွဲနဲ့ စရောင်းတာပေါ့။ စက်တင်ဘာ ၁၃ ရက်အထိတော့ ၂၈ သိန်းခွဲနဲ့ ရောင်းချပေးနေပြီး စက်တင်ဘာ ၁၄ ရက်ကနေ ၁၆ ရက်အထိတော့ ၂၈ သိန်းနဲ့ ရောင်းပေးနေပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြည်တွင်းရွှေစျေးကွက်တွင် SAC က ရွှေဒင်္ဂါးပြားများ မရောင်းချမီက ရွှေတစ်ကျပ်သား ကျပ် ၃၈ သိန်းအထိ သမိုင်းတစ်လျှောက်အမြင့်ဆုံးဖြစ်ခဲ့သည်။ ထို့နောက် SAC က စက်တင်ဘာ ၅ ရက်မှစတင်၍ ကျပ် ၂၉ သိန်းခွဲဖြင့် ရွှေဒင်္ဂါးပြားများရောင်းချခဲ့ရာ ပြည်တွင်းရွှေစျေးမှာ ကျပ် ၃၂ သိန်း ဝန်းကျင်သို့ ပြန်လည်ပြုတ်ကျလာခဲ့ပြီး SAC က ရွှေဒင်္ဂါးပြားစျေးများကို ကျပ် ၂၈ သိန်းအထိ ဆွဲချခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ပြည်ပရွှေစျေးကွက်၌ ၂၆၉၀၀၀၀ အထိ ပြုတ်ကျခဲ့သော်လည်း ကျပ် ၂၈၂၀၀၀၀ အထိ ပြန်လည်ဆွဲတင်သွားခဲ့ပြီး စက်တင်ဘာ ၂၂ ရက်အထိလည်း ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၇ သိန်းနှင့် ကျပ် ၂၈၂၀၀၀၀ အကြား အတက်အကျမြန်စွာ အရောင်းအဝယ်ဖြစ်ပေါ်နေသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *