April 28, 2024

SONY DSC

MT News

Written by Nay Moe

ပြည်သူငါးဦးအား ခေါင်းဖြတ်သတ်ခဲ့သည့် ဇာမဏီပြောက်ကျားအဖွဲ့ဝင် ရှစ်ဦးအား ဖမ်းဆီးရမိကြောင်း SAC က စက်တင်ဘာ ၂၂ ရက်တွင် နိုင်ငံပိုင်သတင်းဌာနများမှ တစ်ဆင့် သတင်းထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာ အနီး၌ ဇာမဏီပြောက်ကျား အဖွဲ့ဝင်များဖြစ်သော စိုင်းထက်အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်းတို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိတရားခံ စိုင်းထက်အောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် ဇာမဏီပြောက်ကျားအဖွဲ့ဝင်များသည် ငါန်းဇွန်မြို့နယ် နတ်ကြီးကျေးရွာတွင် ခိုအောင်းနေထိုင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဇော်မင်းထွေး ၊ အောင်ကိုလတ် ၊ ကျော်သူ ၊ ဖိုးဦး၊ ဇော်လင်းအောင် တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးစဉ် ဇော်လင်းအောင်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်အား လုယူထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် စုစုပေါင်းတရားခံ ကျား ၈ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ စိုင်းထက်အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်း၊ ဇော်မင်းထွေး၊ အောင်ကိုလတ်၊ ကျော်သူ ၊ ဖိုးဦးနှင့် ဇော်လင်းအောင်သည် ဖမ်းဆီးရန်ကျန် တရားခံ မင်းမင်းဦး ၏စည်းရုံးမှုဖြင့် ၂၀၂၂ ခုနှစ်ဇူလိုင်လ ဒုတိယပတ်ခန့်တွင် မြောင်မြို့နယ်၊ ညောင်ကန်ကျေးရွာအနီး ကိုင်းတောအတွင်း၌ အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်ရေးသင်တန်း ၁ လခန့် တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထို့အပြင် ငါန်းဇွန်မြို့နယ်နှင့် မြောင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက်ရန်အတွက် ဇာမဏီပြောက်ကျားအဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ အောင်ဝင်းဦး ခေါင်းဆောင်၍ စိုင်းထက်အောင်၊ လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်း၊ ဇော်မင်းထွေး၊ အောင်ကိုလတ်၊ ကျော်သူ၊ ဖိုးဦး၊ ဇော်လင်းအောင်နှင့် ဖမ်းဆီးရန်ကျန်တရားခံ မိုးကျော်ဦး၊ မင်းမင်းဦး တို့အပါအဝင် အင်အား ၄၄ ဦးခန့်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇာမဏီပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည် လုပ်ကြံသတ်ဖြတ်မှု ၄ ကြိမ် ကျူးလွန်ခဲ့သည်။

ဇာမဏီပြောက်ကျားအဖွဲ့ဝင်များ သတ်ဖြတ်မှုများမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် လှိုင်မျိုးအောင်၊ ကြံ့ခိုင်ထွန်းနှင့် ဖမ်းဆီးရန်ကျန်တရားခံ မင်းမင်းဦး အပါအဝင် ဇာမဏီပြောက်ကျားအဖွဲ့ဝင် ၁၅ ဦးသည် ငါန်းဇွန်မြို့နယ်၊ ထနောင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်မင်းထွန်းနှင့် ဇနီး ဒေါ်မြင့် တို့အား ဒလန်ဟု စွပ်စွဲ၍ လူမဆန်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။ ထို့နောက်စက်တင်ဘာလ ၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ မင်းမင်းဦးနှင့် စိုင်းထက်အောင် တို့သည် ငါန်းဇွန်မြို့နယ်၊ ကန့်လန့်ကျေးရွာ၌ အပြစ်မဲ့ပြည်သူ ဦးမင်းအောင်အား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၆ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ မင်းမင်းဦးနှင့် စိုင်းထက်အောင် တို့အပါအဝင် ဇာမဏီပြောက်ကျားအဖွဲ့ဝင် ၁၅ ဦးသည် ငါန်းဇွန်မြို့နယ်၊ ကန့်လန့်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဘမော် အား ဒလန်ဟုစွပ်စွဲကာ ကန့်လန့်ကျေးရွာ အထက်တန်းကျောင်းအရှေ့၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့သလို ထိုနေ့တွင်ပင် ဖမ်းဆီးရန်ကျန် တရားခံများ ဖြစ်သော မင်းမင်းဦး ၏ စေခိုင်းချက်အရ ဇာမဏီပြောက်ကျားအဖွဲ့ဝင် ၄ ဦးသည် ကန်သာကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးမျိုးမြင့် အား ဒလန်ဟုစွပ်စွဲကာ ကန်သာကျေးရွာ ရွာလယ်လမ်းမပေါ်၌ ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *