၁. ၃. ၂၀၂၄
Written by Ye Kyaw

သီလဝါ၌ စက်သုံးဆီ ထုတ်ယူရာတွင် အခက်အခဲများ ဖြစ်ပေါ်နေ၍ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုနှင့် တန်းစီဝယ်ယူရမှုများ ဖြစ်ပေါ်နေသောကြောင့် ယနေ့နံနက်ပိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများပါ ဖြစ်ပေါ်လျက်ရှိသည်။

“မနေ့ကတည်းက ပြတ်နေတာ။ ဒီနေ့ မနက်မှာ ပိုဆိုးတာ။ ဘယ်ဆိုင်မှ မရတာ။ ရတဲ့ဆိုင် တန်းစီပဲ။ အစ်ကိုဆို လှည်းကူးကနေလာတာ။ လှည်းကူးဘက်တွေလည်း မရဘူး။ အခုတော့ ဒီဆိုင်ပြန်ရောင်းတဲ့အချိန်အထိ စောင့်ပြီး ဝယ်ရမှာပဲ” ဟု တာမွေမြို့ရှိ Max ဆီဆိုင်တွင် တန်းစီနေသူတစ်ဦးက ပြောသည်။

ထို့ပြင် ဆီဆိုင်များတွင် ကားများတန်းစီနေခြင်းကြောင့် ယာဉ်လမ်းကြောင်းများ ကျပ်တည်းမှုဖြစ်ပေါ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်မှ တာမွေဈေးအထိ ယာဉ်ကြောပိတ်ဆို့မှု၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်လည်း ယာဉ်ကြောပိတ်ဆို့မှု၊ သုဝဏ္ဏ – တာမွေ – မင်္ဂလာတောင်ညွန့်နှင့် အခြားသောဆီဆိုင်တန်းစီရာနေရာများတွင်လည်း ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၈၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၅၂၅ ကျပ်၊ ဓာတ်ဆီ 92 တစ်လီတာ ၂၇၁၅ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာ ၂၈၃၅ ကျပ်ရှိကြောင်း ပြည်တွင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *