MT News
၁.၃.၂၀၂၄

ဗထူးတပ်မတော်လို့ အမည်ခံထားတဲ့ ထားဝယ် PDF တွေ ဖေဖော်ဝါရီ ၂၈ ရက်က ဖမ်းဆီးထားတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး (ဒုတိယ- ပါမောက္ခချုပ် ဒေါက်တာကျော်အောင်)၊ အင်္ဂလိပ်စာဌာန ဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်နှင့် မြိုပြအင်ဂျင်နီယာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာနန္ဒာလွင်တို့ (၃)ဦးဟာ အပြစ်မဲ့သူတွေဖြစ်တာကြောင့် ချက်ချင်းပြန်လွှတ်ပေးဖို့ ထားဝယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) က တောင်းဆိုအပြီးမှာ ဗမာ့လူငယ်ကွန်ရက်ကလည်း ဗထူးတပ်မတော်ဖမ်းဆီးထားတဲ့ ဆရာဆရာမသုံးဦးဟာ အပြစ်မဲ့သူတွေဖြစ်လို့ ချက်ချင်းလွှတ်ပေးဖို့ ထပ်မံ တောင်းဆိုလာပါတယ်။

ဗထူးတပ်မတော်ရဲ့ ထုတ်ပြန်ကြေညာချက်၊ သတင်းမီဒီယာတွေကို ဖြေကြားမှုနဲ့ DDMSC ရဲ့ထုတ်ပြန် ကြေညာချက်တွေမှာ ဒီဆရာ၊ ဆရာမသုံးဦးဟာ SAC ရဲ့ ပညာရေးယန္တရားကို ဆက်လက်အကောင်ထည်ဖော်ဆောင်လျှက်ရှိတဲ့ Non CDM ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်သာ ဖမ်းဆီးလိုက်တာဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုမှာပါဝင်ပတ်သက်တာမျိုး၊ CDM ဝန်ထမ်း/ကျောင်းသားတွေ အပါအဝင် ပြည်သူအပေါ် ပြစ်မှုကျူးလွန်တာ ခြိမ်းခြောက်တာမျိုး မလုပ်ခဲ့တဲ့ ဆရာဆရာမတွေဖြစ်တယ်ဆိုတာ သိရှိတယ်လို့လည်း ဗမာ့လူငယ်ကွန်ရက်က ပြောပါတယ်။

ဗမာ့လူငယ်ကွန်ရက်(BYN) ဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို လေးစားဂုဏ်ယူသူတွေဖြစ်လို့ ထားဝယ် PDF တွေရဲ့ လက်နက်အားကိုးလုပ်ရပ်အပေါ် ဒီဆရာ၊ ဆရာမ Non CDM ဝန်ထမ်း (၃)ဦးဟာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှု၊ ရာဇဝတ်ပြစ်မှု ကျူးလွန်ထားခြင်း တစ်စုံတစ်ရာမရှိရင် လက်နက်ကိုင်တပ်ဖွဲ့တွေ လေးစားလိုက်နာရမဲ့ နိုင်ငံတကာလူသားချင်း စာနာမှု စံတန်ဖိုးအရ ချက်ချင်းပြန်လည်လွှတ်ပေးစေလိုတယ်လို့ ဗမာ့လူငယ်ကွန်ရက်က ပြောပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာဆရာမတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဥ်ဟာ ဖေဖော်ဝါရီ ၂၆ ရက်တုန်းကချင်း PDF တွေ ဖမ်းဆီးသွားတဲ့ ကလေးတက္ကသိုလ်က ဖမ်းဆီးခံ ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူ ၁၄၀ ကျော်ကို မကယ်တင်နိုင်သေးခင်မှာဘဲ ထားဝယ်နည်းပညာတက္ကသိုလ်က ဆရာ၊ ဆရာမတွေကို ထားဝယ် PDF တွေက ထပ်မံဖမ်းဆီးမှုဖြစ်စဥ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ကယား PDF တွေက လွိုင်ကော်တက္ကသိုလ်ကို စီးနင်းကာ ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူ ၃၀၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်လို့ လွိုင်ကော်တက္ကသိုလ်ဟာ ဒီနေ့အထိ ပိတ်ထားရတာကြောင့် ကယားပြည်နယ်က ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးနေရချိန် ကလေးတက္ကသိုလ်ကလည်း ချင်း PDF တွေလက်ချက်ကြောင့် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမ ၁၄၀ ကျော် ဖမ်းဆီးခံရလို့ ပညာသင်ကြားပေးမှု ရပ်တန့်ခဲ့ရတဲ့အပြင် အခု ထားဝယ်နည်းပညာတက္ကသိုလ်ကလည်း ထားဝယ် PDF တွေကြောင့် ပညာသင်ကြားမှုရပ်ဆိုင်းရမဲ့အခြေအနေမျိုးဖြစ်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *