၁. ၁၂. ၂၀၂၂
Written by Hay Mar

နှမ်းမျိုးစုံစျေး ဆက်လက်ကျဆင်းနေသောကြောင့် မိရိုးဖလာနည်းဖြင့် လှောင်လေ့ရှိသည့် မကွေးတိုင်းအတွင်းမှ တောင်သူအချို့ လက်ရှိစျေးကွက်တွင် အထိနာနေပြီး နောင်နှစ်ရာသီအတွက် မကွေးတိုင်း တောင်သူဖွံ့ဖြိုးရေးအသင်းအဖွဲ့ထံ ပူးပေါင်းဆောင်ရွက်ရန် စာရင်းပေးသွင်းမှုများလာကြောင်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ မှ အတွင်းရေးမှုး ဦးစိုးလွင်အေးက MT News သို့ ပြောသည်။

မကွေးတိုင်းဒေသကြီးသည် နှမ်း ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ အဓိကစိုက်ပျိုးဖြစ်ထွန်းရာ ဒေသဖြစ်ပြီး ၊ နှမ်းစျေးကွက်မှာ အကြီးမားဆုံးဖြစ်သည်။

“စျေးကျတာကတော့ နှမ်းရာသီ ကုန်ချိန်မို့ပါ။ ကျွန်တော်တို့ အောက်တိုဘာလကုန်မှာ တိုင်းတောင်သူအသင်းက အရောင်းပွဲလုပ်ပြီး အကုန် ရောင်းထုတ်ပြီးပြီ။ ဝယ်လက်တွေ ပြည်ပပို့မယ့် သူတွေကိုလည်း တင်ဒါခေါ်ရောင်းတာဆိုတော့ တောင်သူနဲ့ ဝယ်လက်တိုက်ရိုက်စျေးကောင်းရပြီး တိုင်းတောင်သူအဖွဲ့ရဲ့ တောင်သူတွေဆီမှ လက်ကျန်မရှိတော့ဘူး။ ကျန်နေတာ မိရိုးဖလာ လှောင်တဲ့တောင်သူနဲ့ ကုန်သည်တွေဆီပေါ့။ Local Trader တွေ လက်ထဲက ပစ္စည်းကျန်နေတာ။ ရတဲ့ စျေးနဲ့ ထုတ်ရတဲ့ အခြေအနေဖြစ်လို့ ဈေးသိပ်မရတော့တဲ့ သဘောပါ” ဟု ဦးစိုးလွင်အေးက ပြောသည်။

နှမ်းလှိုင်လှိုင်ပေါ်ချိန် စက်တင်ဘာလဆန်းမှ အောက်တိုဘာလကုန်အထိသည် စျေးအကောင်းဆုံး အချိန်ဖြစ်ပြီး နှမ်းနက် ၁၅ ပိသာတစ်တင်းလျှင် ကျပ် ၃ သိန်း မှ ၃ သိန်းခွဲ အထိ စျေးကောင်းရခဲ့ပြီး နှမ်းဖြူစျေးမှာ ကျပ် ၂၈၀၀၀၀ ဝန်းကျင်ဖြင့် အဖွင့်လှခဲ့သည်ဟု သိရသည်။ ယခု နိုဝင်ဘာလကုန်ပိုင်းတွင် နှမ်းနက် ၁၅ ပိသာတစ်တင်းလျှင် ၂၁၄၀၀၀ ဝန်းကျင်၊ နှမ်းဖြူ ၁၉၀၀၀၀ ဝန်းကျင်အထိ ကျဆင်းနေပြီဖြစ်သည်။ ယခင်နှစ်များတွင် နှမ်းနက်နှင့် နှမ်းဖြူစျေးမှာ သိသိသာသာ ကွာဟခဲ့သော်လည်း၊ ယခုနှစ်တွင် နှမ်းဖြူစျေးမှာ နှမ်းနက်စျေးနှုန်းနီးပါး စျေးကောင်းရလာသည်ဟုလည်း သိရသည်။

“နှမ်းနက်ကို အဓိက တင်ပို့ရောင်းချတာက ဂျပန်နိုင်ငံပါ။ နှမ်းဖြူက တရုတ်က အဓိကဝယ်တယ်။ ၂၀၁၅ ခုနှစ်ကနေ အခု ၂၀၂၂ ခုနှစ်အတွင်းမှာ အခု ၂၀၂၂ ခုနှစ်ပို့ကုန်ကဏ္ဍမှာတော့ ထူးထူးခြားခြား နှမ်းဖြူက နှမ်းမဲစျေးနားကပ်ပြီးကို စျေးကောင်းရလာပါတယ်”ဟု ဦးစိုးလွင်အေးက ဆိုသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၁၄၈ ရွာမှ တောင်သူ ၆၀၀၀ ကျော်တို့သည် တိုင်းတောင်သူဖွံ့ဖြိုးရေးအသင်း၏ ဦးဆောင်မှုဖြင့် GAP (Global Good Agricultural practice) စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်လျှက်ရှိကြောင်းသိရသည်။ တောင်သူမှ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ပြီး ကိုယ်တိုင် အစုအဖွဲ့စနစ်ဖြင့် ဝယ်လက်ကို တင်ဒါခေါ်ယူရောင်းချသည့်ပုံစံ ဖော်ဆောင်နိုင်နေပြီလည်းဖြစ်သည်ဟု သိရသည်။

နှစ်အလိုက် ပို့ကုန်စာရင်းများအရ ၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ နှမ်းနက် ၇၁ တန် ၊ ၂၀၁၈ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံသို့ နှမ်းနက် ၈၈ တန်၊ ၂၀၁၉ ခုနှစ်တွင် ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နှမ်းနက် ၁၃၁၃ တန်၊ ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နှမ်းနက် ၇၉၀ တန် ၊ ၂၀၂၁ ခုနှစ်တွင် ဂျပန်၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ နှမ်းနက် ၈၅၄ ဒသမ ၄၄ တန်နှင့် ယခုနှစ် ၂၀၂၂ ခုနှစ်တွင် နှမ်းနက်နှင့် နှမ်းဖြူ ၅၁၅၅ တန်ကို တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *