ဆန်တင်ပို့ရန် ပြင်ဆင်နေမှုကို တွေ့ရစဉ် (Photo- Commerce)
၁ .၁၂. ၂၀၂၂
Written by Ye Kyaw
ပြည်ပသို့ဆန်တင်ပို့သူများ အရှုံးပြနေပြီး ဝယ်လိုအားကျဆင်းနေသဖြင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်တွင် ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အကြား ကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။
“ဆန်တစ်အိတ်ကို ၅၀၀ နဲ့ ၁၀၀၀ ကြားမှာ ကျသွားတယ်။ ဆန် Exporter တွေ ရှုံးနေတော့ စျေးမကိုက်လို့ဆိုပြီး မဝယ်ဘူး။ ဒီလိုမဝယ်တော့ စျေးကွက်အေးသွားတယ်။ မနေ့က စပြီးကျတာပေါ့။ ဒီနေ့ကျတာနဲ့ဆိုရင် တစ်အိတ်ကို ၁၀၀၀ နီးပါးလောက် ကျသွားတယ်။ ဒီမှာက Export ပဲ အရောင်းအဝယ်ဖြစ်တာ” ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ဧည့်မထ ၂၅ မှတ်ဆန်အမျိုးအစားကို အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁ ဒသမ ၂ သန်းခန့် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ သန်း ၄၂၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ပသို့တင်ပို့သည့် ဆန်အမျိုးအစားနှင့် ပြည်တွင်း၌ စားသုံးသည့် ဆန်အမျိုးအစားမတူညီကြောင်း၊ ပြည်တွင်း၌ ဆန်ချောကိုသာ အဓိကစားသုံးလျက်ရှိပြီး ပြည်ပသို့ ဆန်ကြမ်းအမျိုးအစားများကို တင်ပို့နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဒီဇင်ဘာ ၁ ရက်တွင် ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ မှ ကျပ် ၉၈၀၀၀ ကြား၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ မှ ကျပ် ၆၃၀၀၀ ကြား၊ ပေါ်ဆန်း(သစ်) တစ်အိတ်လျှင် ကျပ် ၅၄၀၀၀ မှ ကျပ် ၅၅၀၀၀ ကြား၊ ကြားပျံရှယ်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ မှ ကျပ် ၆၇၀၀၀ ကြား၊ ငစိန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၄၄၀၀၀ မှ ကျပ် ၄၆၀၀၀ ကြား၊ ဧည့်မထ ၂၅ မှတ် (၂၅%) ဆန်ကြမ်း တစ်အိတ်လျှင် ကျပ် ၄၁၅၀၀ မှ ကျပ် ၄၃၅၀၀ ကြားရှိကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါတန်း)၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
